မန္တလေးမြို့လယ်ခေါင် ရွှေဆိုင်ရှေ့ ဓားပြတိုက်မှုကို ရဲများကျူးလွန်သည်ဟု ပြည်သူများကြား သတင်းပြန့်ခဲ့ပြီးနောက် လုယက်သွားသူ ၂ ဦး အား နာရီပိုင်း အတွင်း ဖမ်းဆီးမိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။
မတ်လ ၂၇ရက်နေ့၊ညနေ ၅ နာရီ ၁၅ အချိန်ခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ စိန်ကျော်မိုး ရွှေဆိုင် ရှေ့တွင် သေနတ်ပစ်ဖောက်ကာ ငွေကျပ်သိန်း၁၂၀၀ လုယက်သွားခဲ့သည့် တင်စိုးနှင့်ကျော်တင်ဦး(ခ)ငပိန်တို့အား ပြည်ကြီးတံ ခွန်မြို့နယ်၊ ၅၁ လမ်း၊ ၁၃၅ လမ်းနှင့် ၁၃၆ လမ်းကြားရှိ ခြံဝင်းအတွင်းမှ အခင်းဖြစ်ပြီးနာရီပိုင်းအတွင်းဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲ တပ်ဖွဲ့က မတ်လ၂၉ရက်နေ့ညက ထုတ်ပြန်သည်။
၎င်းတို့ထံက ငွေကျပ် ၈၃၅ သိန်းသာ ပြန်လည်ရရှိပြီး ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်မှုန့် (၂၂၈၀ ဂရမ်)၊ WY စာတမ်းပါ ပန်း ရောင်စိတ်ကြွဆေးပြား ၁၈၀၀၀၀ ပြားကို သိမ်းဆည်းရမိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
“ လုယူခံရပြီးတော့ ရဲတွေရောက်လာပြီး CCTVကို စစ်ဆေးကြတယ်။ အဲ့ထဲမှာပါတဲ့ကားကို လိုက်ရှာတော့ တရားခံနှစ်ဦးကို ဖမ်းမိတယ်။ အဲ့နှစ်ယောက်ကို ထပ်စစ်တော့ အရင်က သူတို့အမှုဟောင်းတွေပေါ်ပြီး နောက်နှစ်ယောက်ထပ်မိတယ်။ အခုဖမ်းဆီးမိတဲ့သူတွေက အရင်ကမူးယစ်ဆေးဝါးအမှုတွေနဲ့ ထောင်ကျထားတဲ့ နှစ်ကြီးသမားတွေကြီးပဲ။ ပြီး ဓားပြတိုက်နေတုန်း ဝင်ပြီး ဖမ်းဆီးတဲ့ ဒုရဲမှူးတစ်ယောက်ကိုလည်း သတ်လိုက်တဲ့သူလို့ စွဲချက်တင်ထားသေးတယ်။သူတို့အဖွဲ့က ခြောက်ယောက် နှစ်ယောက်က လွတ်နေသေးတယ်” ဟု အမည်မဖော်လိုသူမန္တလေး ရဲတစ်ဦးက ပြောသည်။

မန္တလေးဒေသခံတချို့ကမူ ရဲတပ်ဖွဲ့၏ယခုထုတ်ပြန်ချက်အပေါ် အယုံအကြည်မရှိကြောင်းနှင့် အာဏာ သိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ရှိ ရဲတပ်ဖွဲ့ဝင်များစွာက အားစိုက်လုပ်ဆောင်နေသည်မှာ နည်းလမ်းမျိုးစုံဖြင့် အဂတိ လိုက်စားမှုဖြစ်ကြောင်း မန္တလေးမြို့တွင်းနေ ပြည်သူတစ်ဦးကပြောသည်။
“ဒီအမှုကို ရဲတွေ ကျူးလွန်တာလို့ မန္တလေးမှာ သတင်းကြီး နေလို့ ချက်ချင်း တရားခံမိတယ် လုပ်လိုက်တာပါ။ ကျနော်တို့မန္တလေးမှာ အချီကြီးလုယက် ဓားပြတိုက်နေတာ ဘယ်တုန်းက မိဖူးလို့လဲ။ အခုဓားပြတိုက်တာ ရဲမဟုတ်တောင် သူတို့နဲ့ပေါင်းကြံနေတဲ့ ကောင်တွေပဲ။ အာဏာသိမ်းပြီးက တည်းက ငွေအချောင်ရဖို့ပဲ ခေါင်းထဲရှိတဲ့ကောင်တွေလေ။ သူတို့ဘာပြောပြော ဘယ်ပြည်သူမှ မယုံဘူး”ဟု ၎င်းကပြောသည်။
မတ်လ ၂၇ရက်နေ့က စိန်ကျော်မိုး ရွှေဆိုင် ရှေ့တွင် စိန်ကျော်မိုးရွှေဆိုင်မှ ငွေထုပ်လေးထုပ်အား ဆိုင်အရှေ့ရှိ ကားပေါ်သို့ ဝန်ထမ်းများက တင်ဆောင်နေစဉ် အမည်မသိအမျိုးသား ၃ဦး ကားဖြင့်ရောက်ရှိလာပြီး သေနတ် နှစ်ချက်ပစ်ဖောက်ကာ လုယူသွားခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အပေါ် ချမ်းအေးသာဇံမြို့နယ်နေ ပြည်သူတစ်ဦးက “ မန်းရဲတွေကတော့ အကွက်လေးတွေ ပြသွားတာ သိပ်လှတယ်။တရားခံကလည်း သူတို့လူတွေပဲ။အခုက CCTVမှတ်တမ်းပေါ်ပြီး တစ်နိုင်ငံလုံးသိသွားတော့ ချက်ချင်းဖမ်းမိတယ်။
ကြားသလောက်က ဓားပြတိုက်ခံရတဲ့ဆိုင်ရှင်ပါ အဖမ်းခံရပြီး ငွေတွေပြန်ရချင်မှ ရမယ့်အနေအထားဖြစ်နေတယ်။ပိုက်ဆံကအပြည့်ပြန်မရဘဲ မူးယစ်ဆေးဝါးတွေဖြစ်နေတော့ ရဲက ယူသွားတဲ့သဘောပဲ။ဖမ်းမမိတဲ့အမှုတွေကိုပါ တခါတည်း တရားခံရသွားတဲ့ သဘောဖြစ်နေတယ်။ ဒီဘက်မှာ ဆိုင်ကယ်ခိုးခံရတာ ခဏခဏဖြစ်နေတာကျ တစ်ခါမှ ဖမ်းမမိဘူး” ဟုပြောသည်။