တာချီလိတ်-မယ်ဆိုင်နယ်စပ်တွင် ဆိုးရွားသည့် မီးခိုးငွေ့များ လေထုအတွင်းပျံ့နှံ့နေသဖြင့် လေယာဉ်ခရီးစဉ်အချို့ ရပ်ဆိုင်းထားကြောင်း သိရသည်။
မတ်လ ၂၃ ရက်နေ့ ညပိုင်းမှ စတင်ပြီး မြန်မာ – ထိုင်းနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့တွင် မီးခိုးဖုံးလွှမ်းမှုများဖြစ်ပေါ်လာကြောင်း တာချီလိတ်မြို့ခရီးသွားလာရေး အေဂျင်စီ လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကပြောသည်။
“ ၂၃ရက်နေ့ကတည်းက ထိုင်းဘက်မှာ တောမီးလောင်နေလို့ မဲဆိုင်နဲ့ တာချီလိတ်ဘက်မှာ မီးခိုးငွေ့တွေများနေကြတာ။ လေကြောင်းခရီးစဉ်တွေက ခဏရပ်ထားတယ်။မတ်လ ၂၅ရက်နေ့အထိတော့ လေကြောင်း ဆင်းသက်မှုရှိသေးတယ်။ ဒါတောင်အချိန်မမှန်ဘူး။ သတ်မှတ်ဆင်းသက်ချိန်ထက်နောက်ကျပြီး ဆင်းရတယ်။ မနေ့က လေယာဉ်ဆင်းတာလုံးဝမရှိဘူး။ ရက်ရွှေ့ထားတယ်ပြောတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် တာချီလိတ်မြို့နယ်အတွင်း မီးခိုးငွေ့များသည် နေ့ညအချိန်မပြတ်ရှိနေပြီး ဒေသခံများအနေဖြင့် အသက်ရှုမဝခြင်းနှင့် မျက်လုံးစပ်ခြင်းတို့ ခံစားနေရကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ ဒီဘက်မှာပြောနေကြတာတော့ တာချီလိတ်လေထုက နီညိုရောင်အဆင့်လို့ပြောတယ်။အသက်ရှုကျပ်ပြီး သေတဲ့သူတော့ မကြားမိသေးဘူး။မနေ့က မြို့ထဲဘက်မှာ မီးသတ်ကားတွေနဲ့ ရေလိုက်ဖြန်းနေတယ်။မယ်ဆိုင်ဘက်မှာတော့ ၂၆ရက်နေ့ကတည်းက ဖြန်းနေကြတာ။အဲ့လိုဖြန်းတော့ မနေ့က တာချီလိတ်ဘက်မှာ မီးခိုးငွေ့က တော်တော်ဆိုးတယ်။အခုလည်း ရှိနေတုန်းပဲ။လေးငါးရက်ဆက်တိုက်ဖြစ်နေပြီ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လာအို နယ်စပ်တောင်တန်းတစ်လျှောက် တောမီးလောင်ကျွမ်းနေသောကြောင့် တာချီလိတ်မြို့လေထုအတွင်း မီးခိုးများဖုံးလွှမ်းနေသဖြင့် ထိခိုက်လွယ်အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူနှင့် နှလုံးရောဂါရှိသူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပထွက်ခြင်းမှ ရှောင်ကြဥ်သင့်ကြောင်း နှင့် မဖြစ်မနေ အပြင်ထွက်ရန်လိုအပ်ပါက နှာခေါင်းစည်း Mask များတပ်ဆင်ကြရန် တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။