မြဝတီတိုက်ပွဲကြောင့် ယာယီပိတ်ထားသည့် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်းသိရသည်။
ယနေ့နံနက် ၉နာရီခန့်က စတင်ကာ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို ယာယီပိတ်ထားခဲ့ပြီး ယနေ့ မွန်းလွဲ ၁နာရီတွင် ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မြဝတီ-မဲဆောက် ကားပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
“ မနက်က မြန်မာဘက်နဲ့ ထိုင်းဘက်နဲ့ညှိပြီးပိတ်လိုက်တာ။လေးနာရီကျော်ကျော်လောက်ကြာတယ်။ထိုင်းစစ်သားတွေတံတားမှာ အသင့်အနေအထားနဲ့ တံတားနားမှာရှိတယ်။အခုတော့ တံတားကူးမယ့်သူတွေလည်း ရောက်နေကြပါပြီ” ဟု ၎င်းကပြောသည်။
ယနေ့နံနက် ၄နာရီ ခွဲခန့်ကစတင်ပြီး မြဝတီမြို့နယ်၊မဲကနယ်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီဂိတ်စခန်းတစ်ချို့ကို KNLAနှင့် PDFတပ်ဖွဲ့များU စတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အကျအဆုံးများရှိကြောင်း မြဝတီမြို့ခံတစ်ဦးက ပြောသည်။
“ ဖြစ်တာတော့ မနက် ၉နာရီ ခွဲ ၁၀နာရီလောက်ထိပဲ။သင်္ဃန်းညီနောင် ရဲစခန်းနားထိ ရောက်လာပြီး တိုက်ပွဲဖြစ်ကြတာ။မြဝတီကုန်သွယ်ရေးဇုန်ဘက်ဆို အခုထိ BGFတွေရှိတုန်းပဲ” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။
လက်ရှိတွင် မြဝတီ-ကော့ကရိတ်လမ်းပိုင်းဖြစ်သည့် အာရှလမ်းမကြီးအား ယာယီပိတ်ထားဆဲဖြစ်ပြီး မြဝတီကားဝန်းအနီးတွင် စစ်တပ်နှင့် BGFများစွာရှိနေကြောင်း MPAက စုံစမ်းသိရသည်။