ပြည်သူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့် နမ်းနှိမ်ကျေးရွာဖြစ်စဉ်သည် စစ်ကောင်စီတပ်က လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပအိုဝ်းအရပ်ဘက်လူမှုအဖွဲ့များက သဘောထား ထုတ်ပြန်ထားသည်။
မတ်လ ၁၁ရက်နေ့က ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ လုံပျဉ်ကျေးရွာအုပ်စု၊ နမ်းနှိမ်ကျေးရွာဖြစ်စဉ်ကို ပအိုဝ်းအရပ်ဘက်အဖွဲ့များက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး စစ်ကောင်စီတပ်က ပြည်သူတစ်ရပ်လုံး၏ လုံခြုံရေးကို ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်ကာ ၎င်းတို့ကျူးလွန်သည့် ရာဇဝတ်မှု၊ လူသားဖြစ်မှုကို ဆန့်ကျင်သည့် ရာဇဝတ်မှုများအပေါ် တာဝန်ခံရမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်း၌ သဘောထား ထုတ်ပြန်ထားသည်။
“ အခုလို အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ကိစ္စအတွက် ကျူးလွန်တဲ့ အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူပေးဖို့ ပြောချင်ပါတယ်” ဟု ပအိုဝ်းလူငယ်တစ်ဦးက ပြောသည်။
နမ်းနှိမ်ကျေးရွာရှိ ရဟန်းသံဃာတော်များနှင့် အရပ်သားပြည်သူများအား အကြမ်းဖက်စစ်တပ်က အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်းအပေါ် အကြမ်းဖက်စစ်တပ် လက်အောက်ခံ PNO/PNAက လူမှုကွန်ရက်စာမျက်နှာများပေါ်၌ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံဆော်သည့် အရေးအသားများကို ပုံစံအမျိုးမျိုးဖြင့် ရေးသားနေကြခြင်းသည် စစ်ကောင်စီ၏ ကျူးလွန်မှုများအား အားပေးအားမြှောက်ပြုကာ ဆက်လက်ကျူးလွန်ခွင့်ပေးသည့် လုပ်ရပ်မျိုးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ ထိရောက်တဲ့အရေးယူမှုတွေ လုပ်တာအားနည်းခဲ့လို့ အခုလိုမျိုး ဆက်လက်ကျူးလွန်နေတာဖြစ်တယ်။ ဒါကြောင့် ပြည်သူရဲ့အသက်အိုးအိမ် လုံခြုံဖို့ဆိုရင် ဒီထက် ပိုပြင်းထန်တဲ့ အရေးယူမှုမျိုးတွေ လုပ်ဖို့လိုအပ်တယ်လိုမြင်ပါတယ်” ဟု ပအိုဝ်းလူငယ်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ရက်နေ့မှ စတင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်း-ကရင်နီနယ်စပ်၊ပင်လောင်းမြို့နယ်အတွင်းရှိ နမ်းနှိမ်၊ တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး၊ လုံးပျဉ်၊လွယ်ဟွေး၊ ပင်ပွံနှင့် ရွှေပြည်အေး ကျေးရွာများကို စစ်လေယာဉ်များဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံပြည်သူ ၆၀၀၀ ဦးကျော်ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီအရေးပေါ်လိုအပ်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။