ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုဖြစ်သည့်“ MOGE ကို Sanction ချပါ။ အခုလည်း မီးပျက်နေပါတယ်”စာတန်းဖြင့် ဓာတ်ပုံကမ်ပိန်း ယနေ့စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်အစိုးရအနေနှင့် မြန်မာနိုင်ငံသားများ လျှပ်စစ်မီးမရရှိတော့မည်ကို စိုးရိမ်သောကြောင့် MOGE(မြန်မာ့ရေနံနှင့်သဘောဝဓာတ်ငွေ့လုပ်ငန်း) ကို မပိတ်ဆို့ခြင်းဟု အကြောင်းပြချက်ပေးထား ကြောင်း လက်တွေ့တွင် မြန်မာနိုင်ငံလျှပ်စစ်မီးရခြင်း၊ မရခြင်းသည် MOGE နှင့် မသက်ဆိုင်သလို MOGE ကို မပိတ်ဆို့သေးသည့် တိုင်အောင် မြန်မာတစ်နိုင်ငံလုံးလျှပ်စစ်မီးပြတ်တောက်မှု တစ်နေ့တခြားပိုပိုဆိုးလာသောကြောင့် ယနေ့ သွေးစွန်းငွေဖြတ်တောက်ရေး ကမ်ပိန်းကို စတင်ပြုလုပ်ခြင်းဖြစ်ကြောင်း ယင်းကမ်ပိန်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့စတင်ပြုလုပ်သည့် ဓာတ်ပုံကမ်ပိန်းသည် ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု၏ ပထမဆုံး Social Media Campaignဖြစ်ပြီး မိမိတို့၏ Facebook သို့ မဟုတ် Twitter များပေါ် မှ နိုင်ငံတကာသိအောင် “ MOGE ကို Sanction ချပါ။ အခုလည်း မီးပျက်နေပါတယ်” ဆိုသည့် စာသားများဖြင့် ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း သိရသည်။
“ အခုလက်ရှိလုပ်ဆောင်နေတဲ့ ကမ်ပိန်းတွေကတော့ ပြည်သူတွေ အလွယ်တကူ ပါဝင်လို့ရအောင် အဘက်ဘက်ကနေပေါင်းပြီး စဉ်းစားထားတဲ့ ကမ်ပိန်းဖြစ်ပါတယ်။ ဒီကမ်ပိန်းမှာ ဘယ်လိုပါဝင်လို့ရလဲဆိုတော့ ပြည်သူတွေက Social media ကနေ ပါဝင်ရမှာဖြစ်ပါတယ်။ ပထမဦးစွာ မိမိအနီးရှိ ဆိုင်းဘုတ် သို့မဟုတ် စာရွက်တစ်ခုခုပေါ်မှာ“ MOGE ကို Sanction ချပါ။ အခုလည်း မီးပျက်နေပါတယ်” ဆိုတဲ့ စာသားကိုလက်တစ်ဖက်ကကိုင်ပြီး ဖယောင်းတိုင်မီးတိုင်လေးကို နောက်ထပ်လက်တစ်ဖက်က ကိုင်ပါ။ မီးမှောင်နေတဲ့ အခန်း သို့မဟုတ် နေရာတစ်ခုမှာ ဓာတ်ပုံလေး ရိုက်ပြီး Social Media တွေမှာ တင်ပေးရမှာပါ။အဲ့စာသားအပြင် “ #” လေးခံပေးပါ” ဟု ၎င်းက ရှင်းပြသည်။
ကမ်ပိန်းမှာ ပါဝင်လှုပ်ရှားလိုသည့် ပြည်သူများအနေဖြင့် ပြည်တွင်းမှာရှိနေပြီး မလုံခြုံပါက မိမိမျက်နှာနှင့် ပတ်ဝန်းကျင်ကို ဝါးကာ Facebook page messenger သို့မဟုတ် https://t.me/BloodMoneyCampaignMM (Telegram) သို့ စိတ်ချစွာ ပေးပို့နိုင်ကြောင်း ၎င်းက ပြောသည်။
“ လုံခြုံရေးကို ဂရုစိုက်ခြင်းဟာလည်း အထိရောက်ဆုံး တော်လှန်ရေးတစ်ရပ်ပါ။ ကျွန်တော်တို့က ပေးပို့လာတဲ့ပုံတွေကို စုပေါင်းပြီး ကျွန်တော်တို့ရဲ့ Facebook page နှင့် Twitter တွေမှာ ပြန်လည်တင်ပေးမှာဖြစ်ပါတယ်။နိုင်ငံတကာက သတိထားမိအောင် ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု ဓာတ်ပုံကမ်ပိန်း နှင့်ပတ်သက်ပြီး မည်သည့်အတိုင်းအတာအထိအောင်မြင်မည်ကို အတိအကျပြောဆို၍မရသော်လည်း ပြည်သူပါဝင်မှုများပါက အတိုင်းအတာတစ်ခုအထိ ကောင်းသောရလဒ်များဖြင့် အကျိုးသက်ရောက်မှုများရရှိလာမည်ဟု ယုံကြည်ကြောင်း၎င်းကဆက်ဆက်ပြောသည်။





