စစ်ကောင်စီကို ဆန့်ကျင်နေသည့် ဒီမိုကရေစီအင်အားစုများဘက်က ပြင်ပ အကူအညီ လိုအပ်နေကြောင်း အမေရိကန်အမျိုးသား ထောက်လှမ်းရေးဌာနက ဆိုသည်။
မတ်လ ၈ ရက်နေ့၊ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက ထုတ်ပြန်လိုက် သော အမေရိကန်အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုဆိုင်ရာ ထောက်လှမ်းရေးအကဲဖြတ်ချက် နှစ်ပတ်လည်အစီရင်ခံစာ၌ မြန်မာနိုင်ငံအရေး ယင်းသို့ဆိုထားကြောင်း RFA ကဖော်ပြသည်။
စစ်ကောင်စီနှင့် ဒီမိုကရေစီအင်အားစု တို့ကြား တိုက်ပွဲများပိုမိုပြင်းထန်လာနေပြီး တစ်ဖက်ဖက်က စစ်ရေးအရ အပြတ်အသတ် အနိုင်ရရှိမည့်အခြေအနေမရှိသေးကြောင်း အမေရိကန်အမျိုးသား ထောက်လှမ်းရေးဌာနက အကဲဖြတ်ထားသည်။
“NUG အစိုးရက PDF တွေကို လက်နက်ထောက်ပံ့လာနိုင်ပြီဆိုပေမဲ့ အကန့်အသတ်နဲ့ ထောက်ပံ့နိုင်တဲ့ အဆင့်ပဲရှိပါတယ်။ အဲဒါကြောင့် NUG ယာယီသမ္မတက နိုင်ငံတကာကနေပြီး အကူအညီပေးကြဖို့ တရားဝင် တောင်းဆိုတာပါ။ နွေဦးတော်လှန်ရေးဟာ နိုင်ငံတကာအသိုင်းအဝိုင်းက လက်တွေ့ကျတဲ့ အ ကူအညီမရဘူးဆိုရင် ပွဲက ပိုကြာသွားနိုင်တယ်။ပွဲက ကြာတာနဲ့အမျှ ပြည်သူတွေ အသတ်ခံရတာ၊အ ငတ်ခံရတာတွေက ပိုဆိုးလာနိုင်တယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူတစ်ဦးကပြောသည်။
စစ်ကောင်စီနှင့် ဒီမိုကရေစီအင်အားစုများကြား စေ့စပ်ညှိနှိုင်း၍ရမည့်အခြေအနေမရှိကြောင်းလည်း အမေရိကန်အမျိုးသားထောက်လှမ်းရေးအစီရင်ခံစာက ဆိုသည်။
မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်နှင့် လူ့အခွင့်အရေးပြဿနာသည် ဒေသတွင်းသို့ သက်ရောက်မှုရှိလာမည်ဟုလည်းဆိုသည်။