တောင်ကြီး-မြဝတီ အဝေးပြေးယာဉ် အမြန် လမ်းပေါ် တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါလာသည့် ရိုးရာလက်ဝှေ့ မြန်မာပြည်ချန်ပီယံဟောင်း ရွေဓူဝံ သေဆုံးသွားကြောင်း သိရသည်။
ယနေ့နံနက် ၅နာရီ ခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၆၇/၄)နှင့် (၁၆၇/၅)ကြားတွင် တောင်ကြီး-မြဝတီ ပြေးဆွဲနေသည့် “ ဒို့ညီနောင်” ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားသော GUARD RAIL တန်းများအား တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်နေရာသို့ သွားရောက်ကူညီနေသည့် လူမှုကူညီရေး အသင်းသားတစ်ဦးက ပြောသည်။
“ မနက် ၅နာရီခွဲက လမ်းလယ်ကျွန်းက တုံးကိုတိုက်ပြီး ကားမှောက်တာ။ ရွှေဓူဝံအပါအဝင် သုံးဦး ပွဲချင်းပြီးဆုံးပါတယ်။ ရွှေဓူဝံဆိုတာကို သူနဲ့ပတ်သက်တဲ့ အသိုင်းအဝိုင်းက အတည်ပြုပေးပါပြီ” ဟု ၎င်းက ပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂၀)၊ မ(၁၁)ဦး စုစုပေါင်း (၃၁) ဦး အနက် ကျား(၃)ဦး (သေဆုံး)ကာ ထိခိုက်ဒဏ်ရာရရှိသူ ကျား (၁၅) ဦး နှင့်မ(၁၀) ဦး တို့အား လူမှုကူညီရေးအသင်းယာဉ်များဖြင့် ဆွာတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ရှမ်းကျောင်းကျန်းမာရေး ကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ လူနာတွေကများတယ်။ ဆေးရုံမှာ ထပ်သေတာ ရှိနိုင်ပေမယ့် သေချာအတည်မပြုနိုင်ပါဘူး။ ကားပေါ်ပါတဲ့အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁ ဦး ကတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူး” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦး ကို ဆွာဆေးရုံမှ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ သို့ လူနာတင်ယာဉ် ၄ စီး ဖြင့် ပို့ဆောင်ထားကြောင်း သိရသည်။








