စစ်ကိုင်းတိုင်း ချောင်းဦးမြို့မရဲစခန်းက ရဲတပ်သား တစ်ဦး လက်နက်ဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုဝင်လာကြောင်းသိရသည်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့က ချောင်းဦး မြို့မရဲစခန်းက ရဲတပ်သား သူရကျော်သည် G3 မောင်းပြန်သေနတ်၊ ကျည်ဘောက် ၂ ခုနှင့် ကျည် ၃၂ တောင့် ယူဆောင်လာပြီး ပြည်သူ့ရင်ခွင်သို့ ခိုဝင်လာခဲ့ရာ မုံရွာခရိုင်တပ်ရင်း (၁၀) FRF က ကျပ် သိန်း ၁၀၀ ဂုဏ်ပြုငွေချီးမြှင့်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း (၁၀) Farmers Revolution Force က ထုတ်ပြန်သည်။
“သူက ကျနော်တို့ကို ဆက်သွယ်နေတာကြာပြီ။ ၂၃ရက်နေ့ကတော့ သေနတ် ၁ လက် ကျည်အပါအဝင် ကျည်ဘောက် ၂ခု နဲ့ CDM လုပ်လာတာ။ ခုတော့ သိန်း ၁၀၀ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေ တစ်နေရာကို သူ့မိသားစုနဲ့အတူ ကျနော်တို့ ပို့လိုက်ပြီ။ အခုလို CDM လုပ်လာလို့လည်း ကျနော်တို့တွေ ဝမ်းသာတယ်။ စကစ ကို ဖက်တွယ်နေတဲ့ ဘယ်သူမဆိုကိုတော့ တွေ့တဲ့နေရာ ကျည်ဆန်ပဲပေါ့ဗျာ”ဟု မုံရွာခရိုင်တပ်ရင်း(၁၀)FRF မှတာဝန်ရှိသူက ပြောသည်။
ရဲတပ်သားသူရကျော်သည် ချောင်းဦးမြို့နယ်၊ ဆင်ဖြူရှင်တံတား စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသူ တစ်ဦးဖြစ်သည်။
ပြည်သူ့ရင်ခွင်ခိုဝင်လာသော ရဲတပ်သားကို မုံရွာခရိုင် တပ်ရင်း(၁၂)၊မုံရွာခရိုင်တပ်ရင်း(၈)၊မုံရွာခရိုင်တပ်ရင်း(၉)၊ဗန္ဓုလနှင့်အဖွဲ့သားများ က မုံရွာခရိုင်တပ်ရင်း(၁၀)FRF နှင့် ပူးပေါင်းချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။