မြန်မာနိုင်ငံတွင် လေယာဉ်မပျံသန်းရဇုန် (No Fly Zone) သတ်မှတ်ပြီး စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူပေးရန် အမေရိကန် နိုင်ငံခြားရေးဌာနနှင့် သမ္မတအိမ်ဖြူတော်ရှေ့တွင် အမေရိကန်ရောက် မြန်မာများက သွားရောက် တောင်းဆိုခဲ့ကြသည်။
အထက်ပါ ချီတက်ဆန္ဒပြပွဲကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ အမေရိကန်စံတော်ချိန် နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့ပြီး အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အများအပြားမှ မြန်မာတိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်း New York Burmese Community (NYCBC) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ မြန်မာနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုန် No Fly Zone သတ်မှတ်ရန်၊ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူပေးဖို့ ချီတက်ဆန္ဒပြတောင်းဆိုတာပါ။ ဝါရှင်တန်ဒီစီ ဧရိယာက မြန်မာ့အရေးလှုပ်ရှားသူများနဲ့အတူ နယူးယောက်၊ အင်ဒီယားနား၊ မေရီလန်း၊ ဗာဂျီးနီးယား၊ မြောက်ကယ်ရိုလိုင်းနား၊ တင်နက်စီနှင့် ကင်တက်ကီ အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ်အများအပြားက မြန်မာတိုင်းရင်းသားတွေ ရာချီတက်ရောက်ခဲ့ကြပါတယ်” ဟု New York Burmese Community (NYCBC) ၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် မြန်မာ့အရေး ဆန္ဒပြချီတက်ပွဲကို နှင်းများကျနေသည့် ရာသီဥတုအတွင်းမှာပင် ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ပြီး No Fly Zone နှင့် ပတ်သက်သည့် သရုပ်ပြအစီစဉ်များကိုပါ ထည့်သွင်းပြီး အမေရိကန် နိုင်ငံခြားရေးဌာနနှင့် သမ္မတအိမ်ဖြူတော်ရှေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရသည်။