တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က CDM ကျောင်းဆရာမအယောက် ၂၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးသွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်က အင်အားသုံးကာ ပုလောမြို့နယ်ထဲရှိ ရပ်ကွက်ကြီး ၄ခုအတွင်းသို့ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပုလောအခြေစိုက် ပူရိယက္ခညီနောင်စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ မနေ့က ဝင်ဖမ်းတာ။ မနေ့က နေ့လည် တစ်နာရီမှာ တစ်ခါဖမ်းတယ်။ ည ၉နာရီမှာ တစ်ခါဖမ်းတယ်။ အားလုံးပေါင်း ဆရာမ ၂၀ ထက်မနည်းပါသွားတယ်” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသည့် CDM ဆရာမများသည် ပုလောမြို့နယ်အတွင်းရှိ စာသင်ကျောင်းများက ဆရာမများဖြစ်ပြီး ၁ရပ်ကွက်၊ ၂ရပ်ကွက်၊ ၃ရပ်ကွက်နှင့် ၄ရပ်ကွက်တို့တွင် နေထိုင်ကြသူများဖြစ်ကြောင်း အမှတ် ၂ ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
“ ဒါက ပုလောကို စစ်အုပ်ချုပ်ရေး စတင်ကြေညာပြီးတဲ့နောက်မှာ စဖမ်းတာပဲ။ ဆရာမတွေရဲ့ နာမည် အတိအကျတော့မသိပေမယ့် မနေ့က စစ်တပ်က နေ့ရောညပါ နှစ်ခါဝင်ဖမ်းတာ။ အထက က ဆရာမတွေနဲ့ အလက က ဆရာမတွေ ပါသွားတာ။ အထက်တန်းဆရာမတွေ များတယ်” ဟု ၎င်းကပြောသည်။
အထက်ပါ ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး CDM ကျောင်းဆရာမများအား စစ်ကောင်စီဘက်မှ ဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်နိုင်သဖြင့် ဘေးလွတ်ရာသို့ အမြန်ဆုံးရှောင်တိမ်းကြရန်နှင့် လွတ်မြောက်နယ်မြေသို့ ဝင်ရောက်လိုပါက ကြိုဆိုကာ ကူညီသွားမည်ဖြစ်ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်း တာဝန်ရှိသူက ပြောသည်။