PDF ပိုင်ဆိုင်သည့်ဂျုံ လာရောင်းသည်ဆိုသော စွပ်စွဲချက်ဖြင့် ကျပ်သိန်း ၁၀၀ ကျော်သိမ်းပြီး ဖမ်းဆီးခံလိုက်ရသည့် ချောင်းဦးဒေသခံ ၅ ဦးကို ယနေ့ညနေပိုင်းအထိ ပြန်မလွှတ်သေးကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ထူးနီရွာရှိ ဒေသခံ ၅ ဦးတို့သည် ၎င်းတို့ ရိတ်သိမ်းပြီးသော ဂျုံများကို ဖေဖေါ်ဝါရီ ၁၆ ရက်နေ့က ချောင်းဦးမြို့ပေါ်ရှိ နဂါးနီပွဲရုံသို့ လာရောက်ရောင်းချခဲ့ရာ ငွေရှင်းပြီးချိန်၌ ချောင်းဦးရဲစခန်းမှ ရဲများရောက်လာကြောင်း ထို့နောက် ဂျုံရောင်းချရငွေ ကျပ်သိန်း ၁၀၀ ကျော်ကိုသိမ်းကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း Chaung U Revolution က ယမန်နေ့က ထုတ်ပြန်ထားသည်။
“ပြန်လည်လွှတ်ပေးခြင်းမရှိသေးပါဘူးဗျ။ ကားရော ပိုက်ဆံရော ဘာမှ ပြန်မရသေးပါဘူးဗျ”ဟု Chaung U Revolution ၏ တာဝန်ရှိသူတစ်ဦးက ယနေ့ညနေပိုင်းတွင် ပြောသည်။
ဂျုံများတင်လာသည့် ထော်လာဂျီ ၂ စီးကိုလည်း ချောင်းဦးမြို့မရဲစခန်းက သိမ်းဆည်းထားကြောင်း သိရသည်။
ဖမ်းဆီးထားသော ထူးနီရွာသား ၅ ဦးကို ငွေထပ်ပေးမှ ပြန်လွှတ်ပေးမည်ဟု ခြိမ်းခြောက်နေကြောင်း ချောင်းဦး မြို့ ဆင်ခြေဖုံးရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
“ပွဲရုံမှာ ဂျုံရောင်းပြီးလို့ငွေလက်ထဲရောက်တဲ့အချိန် ရောက်လာပြီး ငွေကိုအရင်သိမ်းပြီးတော့ လူပါ ဖမ်းတာ။ ဗီဒီယိုထဲကြည့်ဖူးတဲ့ ကိုလိုနီခေတ်ရဲတွေက ဆေးတွေဘာတွေပစ်ပြီးဖမ်းတာ။ အခု မင်းအောင်လှိုင် ရဲတွေကတော့ ရှင်းတယ်။ PDF ဂျုံဆိုပြီး ဘာအထောက်အထားမှမပြဘဲ ဖမ်းတာ။ တောင်သူတွေ သူတို့ဂျုံ သူတို့လာရောင်းတာ လူတိုင်းသိတယ်။ ပွဲရုံကလည်း သိတယ်။ တမင် ငွေလိုချင်လို့ ဖမ်းရုံတင်မကဘူး။ အခု သူတို့ရဲအသိုင်းအဝိုင်းကနေ ထပ်သတင်းထွက်လာတာက ငွေထပ်တောင်း နေတယ်။ ငွေထပ်ပေးမှ ပြန်လွှတ်ပေးမယ်တဲ့။ ဘယ်လောက်ထပ်တောင်းလဲတော့မသိဘူး”ဟု ၎င်း ကပြောသည်။
ယခုဖမ်းဆီးခံထားရသော တောင်သူတို့မှာ ဂျုံဧကများစွာ စိုက်ကြသူများဖြစ်ပြီး ငွေလိုချင်၍ PDF အကြောင်းပြကာ ဖမ်းခြင်းဖြစ်ကြောင်း Chaung U Revolution ကဆိုသည်။