စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ရှောင်လူငယ် ၂ ဦး ကို စစ်ကောင်စီတပ်က မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော ခမရ(၃၆၈)တပ်နှင့် ပျူစောထီး စုစုပေါင်းအင်အား ၁၂၀ခန့်သည် ဖေဖေါ်ဝါရီ ၁၇ ရက်နေ့၊ နံနက် ၁၀ နာရီခွဲခန့်က ကိုင်းရိုးရွာအနီး တောထဲတဲတိုက်တွင် စစ်ရှောင်နေသော အသက်၂၂ နှစ် နှင့် ၃၂ နှစ်အရွယ် အမျိုးသား ၂ ဦးအား မီးရှို့သတ်ဖြတ်ခဲခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ထုတ်ပြန်သည်။
အဆိုပါ လူငယ် ၂ ဦးကို ၎င်းတို့စီးလာသည့် ဆိုင်ကယ် ၂ စီးနှင့်အတူ အနီးရှိထွန်စက်ပေါ်တင်၍ မီးရှို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မီးလောင်ကျွမ်းနေသည့်ပုံနှင့်တကွ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။
“သေနတ်နဲ့ပစ်သတ်ပြီးမှ မီးရှို့တာလား။ အရှင်လတ်လတ် မီးရှို့တာလား။ နှိပ်စက်ပြီးတော့ မသေသေးတဲ့အချိန်မှာ မီးရှို့လိုက်တာလားတော့မသိဘူး။ ဒါပေမဲ့ မီးရှို့ခံထားရတဲ့ ဓာတ်ပုံကတော့ အားလုံးမျက်မြင်ပဲ”ဟု ကန့်ဘလူမြို့နယ်၊ကိုးတောင်ဘို့ရွာနေ စစ်ရှောင်တစ်ဦးက ပြောသည်။
ထို့အပြင် ယင်းစစ်ကြောင်းသည် အင်းလယ်ကြီးရွာက ၁၅ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက်၂၀ ကျော် အမျိုးသမီးတစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွှတ်ပေးခြင်း ရှိ/မရှိ ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။
ယင်းသို့ စစ်ကြောင်းထိုးနေခြင်းကြောင့် ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်ရှိ ရွာ (၁၈)ရွာက ပြည်သူ ၁၅၀၀၀ ခန့် စစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
စစ်ရှောင်ဦးရေများလာခြင်းကြောင့် နေ့စဉ် စားသောက်ရေးမှာ မလွယ်ကူသလို အနီးဝန်းကျင်ရွာတိုင်းနီးပါးက စစ်ရှောင်နေရခြင်းကြောင့် အပြန်အလှန်ကူညီကြရန် မလွယ်ကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့များထံက သိရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။
“အရမ်းဒုက္ခရောက်ကြတယ်။ သူလည်းပြေး ကိုယ်လည်းပြေး၊ ရွာတွေထဲမနေရဲတော့ ရွာပြင်တွေမှာ အကုန်ဖြစ်သလိုချည်းပဲ။ အကူအညီ ပေးတဲ့သူတွေကလည်း သူတို့တတ်နိုင်သလောက်ပဲကိုး။ ရက်တွေ ကြာလာတော့ ကူဖို့ ခက်လာတယ်”ဟု ကိုးတောင်ဘို့စစ်ရှောင်က ဆိုသည်။
ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ကျွန်းလှမြို့နယ်၊ ကြာတကန်ရွာကို မီးရှို့ဖျက်ဆီးပြီး ထွက်လာကာ ကန့်ဘလူမြို့နယ် အင်ကြင်းစုရွာ၌ ညအိပ်ပြီးနောက် အင်းလယ်ကြီးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်း ဖြစ်သည်။


