စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ရွာက ပြည်သူပိုင်ပစ္စည်းများကို ဒေသတွင်း ပျူစောထီးတို့က ဝင်ရောက်ခိုးယူကာ လှည်းအစီး၂၀ဖြင့် သယ်သွားခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် ပုလဲမြို့နယ်၊ အင်ကြင်းစုရွာသားများ ရပ်ရွာစွန့်ခွာ စစ်ဘေးရှောင်နေစဉ် အင်မထီးရွာ ပျူစောထီးများက ရွာထဲသို့ဝင်ကာ ပြည်သူပိုင်ပစ္စည်းများ ခိုးယူသွားခြင်းဖြစ်ကြောင်း ပုလဲမြို့နယ်အတွင်း တော်လှန်ရေးသတင်းများဖော်ပြနေသည့် Pale Entertainment ကဖော်ပြသည်။
“အင်ကြင်းစုက အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ရွာပါ။ ပျူတွေ ဝင်ခိုးသွားတာ။ အိမ်တွေကိုဖောက်ပြီး သူတို့လိုချင်တာ ဝင်ခိုးသွားတာ။ အိမ်ကောင်းတွေကို အဓိကဖောက်သွားတာ။ သူတို့မလိုချင်တဲ့ ပစ္စည်းတွေကိုလည်း ရိုက်ဖျက်သွားသေးတယ်”ဟု ပုလဲမြို့ခံတစ်ဦးက ပြောသည်။
ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသဖြင့် ပုလဲမြို့နယ်အတွင်းရှိ ရွာ ၁၄ ရွာက ပြည်သူတစ်သောင်းကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။
စစ်ဘေးရှောင်ရွာများမှာ ရွာသာ၊ လိန်ကုန်း၊ ရွာထင်၊ ကြိုးကြားဥ၊ ကံကြီး၊ ဖိုကုန်း၊ ညောင်ကုန်း၊ မွေ့တုံ၊ ကံပေါက်၊ လှော်ကား၊ နွယ်ရှောက်၊ ကုက္ကိုကုန်း၊ လက်ပုကန်နှင့် အင်ကြင်းစုရွာတို့ဖြစ်ပြီး စစ်ကောင်စီ စစ်ကြောင်းသည် ယနေ့ညနေပိုင်းတွင် အင်မထီးရွာ ပျူစောထီးစခန်းသို့ ပြန်လည်ရောက်ရှိနေပြီဟု Pale Entertainment ကဆိုသည်။
“ဒီနေ့ညနေအထိတော့ ပြည်သူတွေအသတ်ခံရတာတို့ ရွာမီးရှို့ခံရတဲ့သတင်းတို့ ကျွန်တော်တို့ မကြားသေးဘူး။ မဖြစ်ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ကျွန်တော်တို့ မကြားသေးတာ”ဟု ပုလဲမြို့ခံက ဆိုသည်။
ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ပုလဲမြို့ထဲမှ ကင်းပုန်းထွက်လာသော စစ်သား ၇ ဦးကို ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ဒေါင်းနက် ပြောက်ကျားများက ထုတ်ပြန်ထားသည်။




