တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း သပိတ်တိုက်ပွဲဝင်လူငယ်များကို သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်ခဲ့သော်လည်း လူထုလှုပ်ရှားမှုအား အောင်မြင်စွာ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၇နာရီခန့်က လောင်းလုံးမြို့နယ် ကျေးရွာ ၂ရွာရှိ ဈေး ၂ခုသို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီက လူထုစည်းရုံးရေး အသိပညာပေးလှုပ်ရှားမှုများ လုပ်ဆောင်ရန် ပြင်ဆင်နေစဉ် အမည်မသိအမျိုးသား ၂ ဦး ဈေးအနီးသို့ လာရောက်ကာ သေနတ် ၃ ချက် ပစ်ဖောက်သွားကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ မနက် ၇နာရီလောက်က ပျူလို့ လတ်တလော ယူဆထားတဲ့ အမျိုးသားနှစ်ဦး လာပစ်တာ။ လူအုပ်ထဲကို ပစ်တာတော့မဟုတ်ဘူး။ သေနတ်သုံးချက်ပစ်ပြီး မောင်းပြေးသွားတယ်။ အဲ့အချိန် ကျွန်တော်တို့က လက်ကမ်းစာစောင်မဝေရသေးဘူး။ တော်လှန်ရေးသီချင်းတွေ ဖွင့်နေတုန်းပဲရှိသေးတယ်” ဟု ၎င်းက ပြောသည်။
အထက်ပါ ပစ်ခတ်မှုကြောင့် DDMSCအဖွဲ့ဝင်များနှင့် ပြည်သူတစ်ဦးမျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပေ။
သပိတ်တိုက်ပွဲဝင်လူငယ်များသည် “ဖက်ဒရယ်စနစ်နဲ့ နိုင်ငံရေးပြဿနာ” ဆောင်းပါး ဖြန့်ဝေခြင်း၊ စစ်တပ်ထုတ် ကုန်ပစ္စည်းများအား ရောင်းချခြင်းနှင့်ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ကြရန် စည်းရုံးဟောပြောခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ထိခိုက်ဒဏ်ရာရတဲ့သူတစ်ယောက်မှ မရှိဘူး။ အကုန်လုံးဘေးကင်းပါတယ်။ ပစ်တာက စည်းရုံးရေးလုပ်တဲ့ စျေးအနီးမှာပဲ။ ပစ်ပြီးတာနဲ့ ပြေးသွားတယ်။ ပြီးမှ စည်းရုံးရေးပြန်လုပ်တာ။ ပြည်သူတွေသေနတ်သံကြားလို့ ထွက်ပြေးလား ဆက်လက်ပူးပေါင်းလားဆို ကျွန်တော်ဓာတ်ပုံတွေက သက်သေပါပဲ။ ၇နာရီခွဲမှာ သပိတ်ပြီးပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယနေ့ နံနက် ၇နာရီ ခွဲတွင် လူထုစည်းရုံးရေးပြုလုပ်ပြီးနောက် ဈေးသူ/ဈေးသားများနှင့်အတူ တော်လှန်ရေးကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြကြောင်းသိရသည်။