စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်က စစ်ရှောင်အမျိုးသမီးနှစ်ဦး မြွေဆိုးအကိုက်ခံရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ထုတ်ပြန်သည်။
ကိုးတောင်ဘို့ စစ်ရှောင်တဲတွင် နေထိုင်သည့် အသက် ၅၈နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖေဖေါ်ဝါရီ ၂ ရက်၊ နေ့ခင်းပိုင်းက ကျွဲနွားရွှေ့ရင်း မြွေကိုက်ခံခဲ့ရပြီး အသက် ၂၄နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာလည်း ယနေ့ နံနက် ၁၂နာရီခွဲခန့်က ထပ်မံမြွေကိုက်ခံရကြောင်း သိရသည်။
“ စစ်တပ်အာဏာသိမ်းတာရဲ့ နောက်ဆက်တွဲအနေနဲ့ တောထဲမှာ စစ်ရှောင်ကြရတယ်၊ စစ်ရှောင်ရတာလည်း ရှစ်လလောက်ရှိပြီ၊ အများစုက တောင်ယာလုပ်စားကြတာဆိုတော့ ကျွဲနွားရွှေ့ရင်း ပိုးထိတာပါ၊ နောက်တစ်ယောက်ကတော့ ကြံခြစ်ရင်း ပိုးထိတာ၊ အကောင်က အရမ်းမကြီးတော့ အသက်အန္တရာယ်မစိုးရိမ်ရဘူး” ဟု စစ်ရှောင်ကူညီသူတစ်ဦးက ဆိုသည်။
မြေကိုက်ခံရသူ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကို မြန်မာထုတ် BPI မြွေဆိပ်ဖြေဆေး ခြောက်လုံးနှင့် အိန္ဒိယ မြွေဆိပ်ဖြေဆေး လေးလုံးအထိ ထိုးပေးခဲ့ရာ ယခုပြန်လည်သက်သာလာပြီဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန် သည်။
အသက်၂၄နှစ်အရွယ်အမျိုးသမီးမှာ ကျပန်းအလုပ်လုပ်ကိုင်သူ ဖြစ်ပြီး ကြံဖတ်လှန်နေစဉ် မြွေကိုက်ခံရခြင်း ဖြစ်ကာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ထုတ်ပြန်ထားသည်။
ကိုးတောင်ဘို့တိုက်နယ်တွင် စစ်ဘေးရှောင်ပြည်သူ သောင်းဂဏန်းရှိပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ရှောင်ရင်း မြေကိုက်ခံရသူ ၄၇ဦးရှိကာ ၃ဦးသေဆုံးခဲ့သည်။
ကိုးတောင်ဘို့တိုက်နယ်တွင် မြွေဆိုးပေါသဖြင့် စစ်ရှောင်များ အတွက် မြွေဆိပ်ဖြေဆေးနှင့် အခြေ ခံဆေးဝါးများ လိုအပ်လျက်ရှိသည်။