ရန်ကုန်မြို့ရှိ ရုံးအများစုမှာ အလုပ်မပိတ်သော်လည်း ဝန်ထမ်းများကို အပြင်မထွက်ခိုင်းကြကြောင်း သိရသည်။
ယနေ့တွင် ရန်ကုန်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ အစိုးရရုံးများနှင့် ပုဂ္ဂလိက လုပ်ငန်းအများစုမှာ ဖွင့်လှစ်ကြကြောင်း ရန်ကုန်မြို့ရှိ ဝန်ထမ်းအချို့က ပြောသည်။
“ ဒီနေ့ဆို အစ်မတို့ မနက် ၈ နာရီ အရောက် ရုံးတက်ရတယ်။ ပျက်ခွင့်လည်းမပြုဘူး။ ရန်ကုန်ဆိုတော့ နီးရာဓား ကြောက်ရတာလည်း ပါတယ်။ ဒါပေမယ့် ဘယ်သူမှ အပြင်မထွက်ရတော့ အဆင်ပြေပါတယ်။ ရုံးတွင်း အသံတိတ်သပိတ် လုပ်ကြတာပေါ့” ဟု ရန်ကုန်မြို့ အခြေစိုက် ကုမ္ပဏီတစ်ခုရှိ HR ဝန်ထမ်းတစ်ဦးကပြောသည်။
ရန်ကုန်ရှိ လုပ်ငန်းတချို့မှာမူ ယနေ့အား ရုံးပိတ်ရက်အဖြစ် တရားဝင် ခွင့်မပြုသော်လည်း နားလည်မှုဖြင့် ပိတ်ပေးထားကြောင်း ရုံးပိတ်ရက်ရရှိသူ ဝန်ထမ်းတစ်ဦးက ပြောသည်။
“ ဒီနေ့က နားလည်မှုနဲ့ ပိတ်ပေးတယ်။ ကိုယ့်ဟာကိုယ် ခွင့်တိုင်ပြီး ပျက်လို့ရတာပေါ့။ ဒါပေမယ့် တချို့လည်း အကြောင်းရှိလို့ တက်ကြတာနေမှာပါ။ ဘာဖြစ်ဖြစ် ရန်ကုန်မှာ လူမရှိတာ တွေ့ရတော့ ဝမ်းသာပါတယ်။ Silent သပိတ်အောင်မြင်တာပေါ့” ဟု ရုံးပိတ်ရက်ရရှိသူ ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။
ယနေ့တွင် မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ စမ်းချောင်း၊ ရန်ကင်း၊ မြေနီကုန်း၊ အလုံ၊ ကျောက်တံတား၊ လှိုင်နှင့် ပန်းဘဲတန်းမြို့နယ်များတွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်း ၁၂ ဦးအား MPA က မေးမြန်းရာ အလုပ်မပိတ်သော်လည်း ဌာနတာဝန်ရှိသူများက ရုံးပြင်ပသို့ သွားရောက်ခွင့်မပြုကြောင်း ပြန်လည်ဖြေကြားကြသည်။
ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကို တော်လှန်ရေးအင်အားစုများက အာဏာသိမ်းခြင်း နှစ်နှစ်ပြည့်အဖြစ် နိုင်ငံလုံးဆိုင်ရာ အသံတိတ်သပိတ်တစ်ရပ် ပြုလုပ်ကြသည်။