ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ပြည်လုံးကျွတ် အသံတိတ်သပိတ်နှင့်အတူ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ကြရန် ကလေးမြို့ပေါ်ရှိ အဓိကနေရာ ၆ ခု သို့ သွားရောက်ကာ ပြည်သူများအား ဟောပြောဆွေးနွေး ဆန္ဒပြ သပိတ်မှောက်ခဲ့ကြောင်း ကလေးမြို့ပင်မသပိတ်အင်အားစုထဲက သိရသည်။
ယနေ့တွင် ကလေးမြို့ ပင်မသပိတ်အင်အားစုက ဦးဆောင်ကာ တစ်ရက်မှ မပျက်သေးသော ဆန္ဒပြ သပိတ်မှောက်မှု ၇၂၃ ရက် အဖြစ် ကလေးမြို့ပေါ် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
“ စစ်ခွေးတွေ တောင်ပိုင်းကို တိုက်နေတဲ့အချိန်ဆို ဒီဘက်က သပိတ်အင်အားစုတွေကလည်း တစ်ဖက်ကို အချိန်မရွေးဝင်ပြီးပြတယ်။ မြောက်ပိုင်းကိုဝင်ရင်လည်း အဲ့လိုပဲ။ ကလေးမြို့ထဲရော၊ ကျေးလက်ပါမကျန် ငြိမ်းချမ်းစွာ ဆန္ဒပြသပိတ်မှောက်ပြီး သွေးမအေးကြောင်း ပြသခဲ့တာပါ” ဟု ကလေးမြို့ ပင်မသပိတ်အင်အားစုမှ တက်ကြွလှုပ်ရှားသူ ကိုဗိုက်ပူက ပြောသည်။
ယနေ့ မြို့ပေါ်၌ ဆန္ဒပြရာတွင် တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေး စာရွက်များကို ပြည်သူထံ ဝေမျှခဲ့ကြောင်း သိရသည်။
“လုံခြုံရေး အကူအညီမပါဘဲ ကင်းထောက်ချပြီး အကြမ်းမဖက်တဲ့စနစ်နဲ့ သပိတ်မှောက်တာပါ။ ပြောက်ကျားနည်းမသုံးဘဲ မြို့ပေါ်မှာ ပေါ်တင်ပြခဲ့ကြတာ။ တစ်ခုသိထားရမှာက မြေပြင်ကရဲဘော်တွေ လှုပ်ရှားမှုက နှစ်နှစ်ပြည့်လာကာနီးလာတဲ့အမျှ စစ်ကောင်စီဘက်ကလည်း အထိနာလာတာ မမေ့သင့်ဘူး” ဟု ကိုဗိုက်ပူက ဆိုသည်။
ပြည်သူများအနေနှင့် တတ်နိုင်သည့် ကဏ္ဍ၊ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ရရာတာဝန်ယူကာ တော်လှန်သင့်ကြောင်း ကိုဗိုက်ပူက ယနေ့တွင် လှုံဆော်ဟောပြောခဲ့သည်။











