ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မဟာမင်းခေါင်လမ်းရှိ စိန်ဂေဟာ ကုန်တိုက်တွင် အဆင့် ၃ အနီရောင်အဆင့် မီးလောင်နေပြီး မီးထိန်းနိုင်ပြီဟုဆိုသော်လည်း မငြိမ်းသေးကြောင်း သိရသည်။
ယင်းမီးလောင်မှုသည် ယနေ့ ည ၇ နာရီ ဝန်းကျင်က စတင်လောင်ကျွမ်းခဲ့ပြီး မီးများအတွင်းထဲထိ လှိုက်လောင်နေကြောင်း နှင့် အဆင့်၃ အနီရောင်အဆင့်အဖြစ် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတ်မှတ်ကာ ယနေ့ ည ၈ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
“ အခုမီးခိုးတွေအများကြီးပဲ။ ကရိန်းမီးသတ်ယာဉ်ကြီးတွေနဲ့တောင် ငြှိမ်းသတ်နေရတယ်။ အခုထိ မငြိမ်းသေးဘူး။ မီးတွေလည်း ဖြတ်ထားတယ်။ အခုထိငြှိမ်းနေကြတုန်းပါ” ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
စိန်ဂေဟာ မီးလောင်နေမှုကြောင့် လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့ကို ၃နာရီကျော်ကြာ လျှပ်စစ်မီး ဖြတ်တောက်ထားကြောင်း လှိုင်သာယာ၊ ၅ထိပ် ပန်းခြံအနီး နေသူတစ်ဦးက ပြောသည်။
“ မီးတွေဖြတ်ထားတာ။ မီးလောင်တာ သွားကြည့်တဲ့သူတွေလည်း အများကြီးပဲ။ ပစ္စည်းတွေ တက်မမှာစိုးလို့ ရဲနဲ့ မီးသတ်တွေ အပေါက်တွေ အကုန်ပိတ်ထားတယ်။ မီးကတော့ တော်တော်ပြင်းတယ်။ ဒီကနေတောင် မီးခိုးတွေ အခုထိမြင်ရသေးတယ်” ဟု ၎င်းကပြောသည်။
စိန်ဂေဟာ ကုန်တိုက်အတွင်း မည်သည့်နေရာက မီးလောင်မှု စတင်ခဲ့ကြောင်း MPA အနေဖြင့် အတည်မပြုနိုင်သေးပေ။