အာဏာသိမ်း စစ်ကောင်စီ၏ လက်ရှိ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေသည့် အကြမ်းဖက် လုပ်ရပ်များနှင့် တိုးတက်မှုမရှိသည့် အခြေအနေများကြောင့် နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) က စစ်ကောင်စီကို အသိအမှတ်မပြုကြောင်း ဆုံးဖြတ်လိုက်သည်။
လက်ရှိတွင် (IPU) အနေဖြင့် စစ်ကောင်စီကို အသိအမှတ်မပြုဟု ဆုံးဖြတ်ချက်ချထားသော်လည်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ မြန်မာရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များကို အစည်းအဝေးများတွင် မဲပေးခွင့်မရှိသော လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုခြင်းဖြင့် အသိအမှတ်ပြုထားသည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က အသိပေးထားသည်။
“လွန်ခဲ့သည့် ညီလာခံနောက်ပိုင်း မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် တိုးတက်မှုမရှိသည်ကို ဝမ်းနည်းစွာ မှတ်သားရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အချို့အား သေဒဏ်ပေးမှုကြောင့် အခြေအနေသည် ပိုမိုဆိုးဝါးခဲ့ပြီး ဖြစ်ပါကြောင်း၊ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ကျင်းပမည်ဟု ကြေညာထားပါကြောင်း၊ ထို့ကြောင့် မြန်မာရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များနှင့် အတူရပ်တည်သည့်အနေဖြင့် အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်မပြုရန် အမှုဆောင်ကော်မတီက ဆုံးဖြတ်ပါကြောင်း” ဟုဆိုကာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပခဲ့သည့် (၁၄၅) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံ၌ (၂၁၀) ကြိမ်မြောက် အမှုဆောင်ကော်မတီ အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လက်ရှိတွင် တစ်နိုင်ငံလုံးနေရာအနှံ့ ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေပြီး ၎င်းတို့စိတ်ကြိုက် ရွေးကောက်ပွဲတစ်ခုဖြစ်လာစေရန် ပုံဖော်လျက်ရှိနေသည်။ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကလည်း ဒီမိုကရေစီ အခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် တိုင်းရင်းသားဒေသများအပါ၊ တစ်နိုင်ငံလုံးနေရာအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးစားဆောင်ရွက်နေသည်ဟု ၎င်း၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။
“အခုလို နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) ရဲ့ ဆုံးဖြတ်ချက်က အားတစ်ခုဖြစ်စေတာပေါ့။ ပြည်တွင်းကလည်း သူ့ကို အင်နဲ့အားနဲ့၊ ထုနဲ့ထည်နဲ့ တော်လှန်ရေးအင်အားစုတွေက သူ့ရွေးကောက်ပွဲ အတုအယောင်၊ တရားမဝင်တဲ့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူး၊ ဆန့်ကျင်နေတဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုလည်း ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးဆိုတဲ့အကြောင်းရယ်၊ ဒီရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေးရဲ့ ထွက်ပေါက်လည်မဟုတ်၊ အဖြေလည်းမဟုတ်ဘူး။ ရလဒ်ကောင်းလည်း ထွက်လာမှာမဟုတ်ဘူး။ ဘေးထွက်ဆိုးကျိုးတွေ မြောက်မြားစွာနဲ့ပဲ ဒီရွေးကောက်ပွဲကို ကြိုးပမ်းအားထုတ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာလိမ့်မယ်”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က MPA သို့ သုံးသပ်ပြောကြားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သမ္မတရာထူးကို အိပ်မက်မက်နေဆဲဖြစ်သည်ဟု ၂၀၂၂ ခုနှစ် အောက်တိုဘာလ နှောင်းပိုင်းက ရေးသားဖော်ပြခဲ့သည့် Nikkei Asia သတင်းတစ်ရပ်က ဆိုထားသည်။ Nikkei Asia သတင်းဌာနအနေဖြင့် မင်းအောင်လှိုင်နှင့် နီးစပ်သည့် စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းတချို့၏ သတင်းအချက်အလက်များကို ကိုးကားပြီး ဖော်ပြခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် လာမည့် ဩဂုတ်လတွင် ၎င်းတို့စိတ်ကြိုက် ပြင်ဆင်ထားသည့် ရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်ထားပြီး Nikkei Asia သတင်းဌာန၏ အမေးကို ထိုစဉ်က “ဒါက သူ့ရဲ့ ရည်မှန်းချက် အိပ်မက်ပါ။ သေချာပေါက် ဖြစ်အောင် လုပ်မှာပါ”ဟု စစ်ဘက်ဆိုင်ရာအရာရှိတွေက ပြောသည်ဟု ဖော်ပြထားသည်။ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမည်ဟု အသိပေးထားသော်လည်း ၎င်းတို့သာ ခြယ်လှယ်မည့် ရွေးကောက်ပွဲဖြစ်မည်ကို အများစုက လက်ခံထားသည်။ ထို့အတွက်ကြောင့်လည်း အဆိုပါရွေးကောက်ပွဲကို သပိတ်မှောက်မည့် အခြေအနေများလည်း ရှိနေသည်။
သို့သော်လည်း ရွေးကောက်ပွဲအတွက် ပြည်သူများအပေါ် စစ်ကောင်စီဘက်မှ အတင်းအကျပ်ပြုလုပ်လာမည်ဆိုပါက “မကြာခင် ၂ နှစ်ပြည့်တော့မယ်(အာဏာသိမ်းကာလ)။ အခုအချိန်ထိ နွေဦးတော်လှန်ရေး သူရဲကောင်းတွေပါ။ နွေဦးတော်လှန်ရေး ချန်ပီယံတွေပါ။ ယနေ့ ပြည်သူလူထုရဲ့ ရဲစွမ်းသတ္တိနဲ့ ပြည်သူလူထုရဲ့ အံ့မခန်း စိတ်ပိုင်းဖြတ်မှုတွေကြောင့်သာ အခုလိုမျိုး တော်လှန်ရေးက ဆက်လက်ရှင်သန်ပြီးတော့ ပန်းဝင်ဖို့အတွက် စိုင်းပြင်းနေတာ။ တော်လှန်ရေးအင်အားစုတွေက Statement တွေထုတ်တယ်၊ NUG အပါအဝင်ပေါ့နော်။ ဒို့က ဘာစဉ်းစားရမလဲဆိုတော့ နည်းနာတွေ စဉ်းစားရမယ်။ သူတို့လာကောက်တဲ့အခါမှာ ဒို့က သူတို့ကိုသွားပြီးတော့ ဆန့်ကျင်တာသွားလုပ်ဖို့တာက အပြောလွယ်တယ်။ လက်တွေ့ခက်တယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ အဖြစ်နိုင်ဆုံး နည်းလမ်းမျိုးစုံသုံးပြီးတော့ သူတို့နဲ့ မပူးပေါင်း မဆောင်ရွက်ဘူးဆိုတဲ့ ပုံစံတွေမျိုးတွေ လုပ်နိုင်သလောက် လုပ်ဖို့လိုပါတယ်”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ရှင်းပြသည်။
စစ်ကောင်စီသည် ၂၀၂၃ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာဖိအားများလျော့ကျရန် မကြာသေးခင်ကာလများက နိုင်ငံရေးအကျဉ်းသားအချို့ကို ပြန်လည်လွှတ်ပေးပြီး နာမည်ကောင်းရယူရန် ကြိုးစားခဲ့သော်လည်း နိုင်ငံတကာဖိအားများနှင့် ၎င်းတို့စိတ်ကြိုက် ရွေးကောက်ပွဲပြုလုပ်ရန် စိန်ခေါ်မှုများ ဆက်လက် ရှိနေသေးသည်။ လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း သိသိသာသာ ဖယ်ကြဉ်ထားသည့် အခြေအနေများရှိနေသလို အမေရိကန်ပြည်ထောင်စုကလည်း စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင်မျှသာဖြစ်သည်ဟု ပြီးခဲ့သည့်နှစ်က ပြတ်ပြတ်သားသား အသိပေးထားသည်။