အာဏာသိမ်းကာလ ၂ နှစ် ပြည့် ဖြစ်သည့် လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်း “ အသံတိတ်သပိတ်” ဆင်နွှဲမည်ဖြစ်ကြောင်း ဒီမိုကရက်တစ်လူငယ်ကောင်စီ(DYC)က ထုတ်ပြန်လိုက်သည်။
၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ လက်နက်ဖြင့် မတရားအာဏာသိမ်းမှု ၂ နှစ် တိတိ ရှိပြီဖြစ်သောကြောင့် “ အသံတိတ်သပိတ်” အား အထိအခိုက် အနည်းဆုံးဖြစ်အောင် ဖေဖေါ်ဝါရီ ၁ ရက်နေ့၊ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ၂နာရီကြာ ပြုလုပ်မည်ဖြစ်ကြောင်း ဒီမိုကရက်တစ်လူငယ်ကောင်စီ(DYC)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ကြားကာလ တော်လှန်ရေးအစိုးရဖြစ်သော NUG ကခုထိ ဖေဖေါ်ဝါရီလ ၁ရက်နဲ့ ပတ်သက်ပြီး ဘာလှုပ်ရှားမှုမှ လုပ်မည့် အစီအစဉ်မရှိလို့ တချို့မြေပြင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးပြည်သူများကို စတင်စည်းရုံးတာပါ။ ပြည်သူက ဦးဆောင်တာမျိုးဖြစ်ချင်ပါတယ်။ ပြည်သူသာအဓိကပါ” ဟု ၎င်းက ပြောသည်။
အသံတိတ်သပိတ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပြုလုပ်ရန်ရည်ရွယ်ပြီး ပြည်သူများအနေဖြင့် ဆေးနှင့် အစားအစာများ ကြိုတင်ဝယ်ယူထားရန် DYC ကထုတ်ပြန်ထားသည်။
“ အထိခိုက်အနည်းဆုံးဖြစ်တဲ့ ၂ နာရီ အတိုင်းအတာနဲ့ ပြုလုပ်သွားဖို့ ဆုံးဖြတ်ပါတယ်။ Reach ရသလောက်အထိပေါ့နော်။ ပြည်သူ့ဆန္ဒပါရင် အားလုံး ပါဝင်ကြမယ်လို့ ယုံကြည်ချက်နဲ့ ပြုလုပ်ကြခြင်းဖြစ်ပါတယ်။ ဆေးနဲ့အစားအသောက်တွေ ကြိုဝယ်ခိုင်းတာက ၂ နာရီအတောတွင်းမှာ ဆေးကြိုမဝယ်မိလို့ ထွက်ရတာမျိုး မဖြစ်လေအောင်ပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
သပိတ်ပြုလုပ်သည့် အချိန် ၂ နာရီအတွင်း delivery man များ ပါဝင်နိုင်အောင် မုန့်များ ကြိုဝာင်ဝယ်ယူထားကြရန်နှင့် ထိုနေ့တွင် စစ်ကောင်စီက တပ်ထောက်ခံပွဲပြုလုပ်ကြမည်ဖြစ်၍ အကြမ်းဖက်အားပေးများ အနီးမနေကြရန်လည်း ထုတ်ပြန်ထားသည်။
ဖေဖေါ်ဝါရီ ၁ ရက် နေ့တွင် စစ်ကောင်စီက စားသောက်ကုန်များကို လျှော့စျေးဖြင့် ရောင်းချခြင်း၊ အခမဲ့ဝေငှခြင်းများပြုလုပ်၍ ဓာတ်ပုံများရိုက်ပြီး အသံတိတ်သပိတ်ကို ပုံဖျက်နိုင်ကြောင်းလည်း DYC ကသတိပေးထားသည်။
ထို့ပြင် ဖေဖေါ်ဝါရီ ၁ ရက် နေ့တွင် ဆိုင်များဖွင့်လှစ်ထားရန်လည်း DYC ကတိုက်တွန်းထားပြီး ယင်းမှာ စစ်ကောင်စီ၏ ဖမ်းဆီးအကြမ်းဖက်ခြင်း မခံရစေလိုသောကြောင့် ဖြစ်ကြောင်း ရန်ကုန်သပိတ်အဖွဲ့ဝင် တစ်ဦးကပြောသည်။
၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့နှင့် ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက်နေ့ တို့တွင် အသံတိတ်သပိတ်ဆင်နွှဲခဲ့ရာ အထူးအောင်မြင်ခဲ့သည်။