ရန်ကုန်မြို့၊ကန်တော်ကြီးဝင်ပေါက်အနီးရှိ ရေထဲတွင် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
အထက်ပါ အမျိုးသားအလောင်းကို ယနေ့မနက် ၇နာရီခန့်က ရန်ကုန်မြို့၊ကန်တော်ကြီးပတ်လမ်း ဝင်ပေါက်အနီးရှိ ရေထဲတွင် တွေ့ရှိခဲ့ကြောင်း မင်္ဂလာတောင်ညွှန့် မြို့နယ် နေပြည်သူတစ်ဦးက ပြောသည်။
“ အစက ဆံပင်အတုထင်နေတာ။စတွေ့တာက ၇နာရီလောက်ပေါ့။နောက်မှ အလောင်းမှန်းသိတာ။၈နာရီကျော်လောက်မှာ သက်ဆိုင်ရာလူမှုကယ်ဆယ်ရေးတွေ လာပြီး ဆယ်ပါတယ်” ဟု ၎င်းကပြောသည်။
ယင်းအလောင်းကို ယနေ့နံနက် ၁၀နာရီခန့်က ဆယ်ယူရရှိခဲ့ကြောင်းနှင့် သေဆုံးအမျိုးသားသည် ခဲရောင်နှင့် အနီရောင်ရောယှက်ထားသည့် အင်္ကျီအတိုတစ်ထည်ဝတ်ဆင်ထားကာ ဂျင်းဘောင်းဘီ(အပြာ)အရှည်ဝတ်ဆင်ထားသည့် လူငယ် ဖြစ်ကြောင်း သိရသည်။
“ အလောင်းက ဆယ်နာရီလောက်မှရတယ်။ဘယ်မြို့နယ်ကလဲလို့တော့ သေချာမသိဘူး။ရေနစ်သေတာဟုတ်မဟုတ်တော့ သက်ဆိုင်ရာကပဲသိမှာ။ သေတာက ဘယ်အချိန်မှန်းလည်းမသိဘူး။အခုတော့ ဆေးရုံသယ်သွားပါပြီ” ဟု ၎င်းကပြောသည်။
အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က လှေဖြင့်ဆယ်ယူကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
