နေပြည်တော် ဇေယျာသီရိမြို့နယ်အပိုင်၊ရန်ကုန် မန္တလေး လမ်းမကြီးပေါ်ရှိ မရင်းကြီး ကျေးရွာအနီးတွင်ခရီးသည်တင်ကားတစ်စီးနှင့် ဆီဘောက်ဆာ ယာဉ်နှစ်စီးတိုက်မိပြီး ခရီးသွား၄ဦး ဆေးရုံတင်ထားရကြောင်း ဒေသခံပြည်သူတစ်ဦးကပြောသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၃ရက်နေ့၊ညနေ ၅နာရီခွဲခန့်က နန်းထိုက်စံခရီးသည်တင်ယာဉ်တစ်စီး(Express)နှင့် ဆီဘောက်ဆာယာဉ် နှစ်စီးတို့ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။
“ တိုက်တာက ဆီးဘောက်ဆာကားနဲ့ နန်းထိုက်စံကားတိုက်တာ။နောက်ကဆီဘောက်ဆာကားက ဝင်ဆောင့်တာ။ရှေ့က Express ကားနဲ့ဆီဘောက်ဆာတစ်စီးကတော့မီးလောင်သွားတယ်။နောက်ကဆီဘောက်ဆာတစ်စီးကတော့ ဘာမှမဖြစ်သွားဘူး” ဟု ၎င်းကပြောသည်။
မီးလောင်သွားသည့် ခရီးသည်တင်ကား နှင့် ဆီဘောက်ဆာယာဉ်တစ်စီးတို့အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊နေပြည်တော်မီးသတ်ဌာနမှ သွားရောက်မီးငြှိမ်းသတ်ခဲ့ပြီး မီးထိန်းနိုင်ခဲ့ကြောင်း MPAက စုံစမ်းသိရသည်။
မီးလောင်ကျွမ်းခဲ့သည့် နန်းထိုက်စံခရီးသည်တင်ယာဉ်မှ ခရီးသည်များ သေဆုံးသူတစ်ဦးမျှမရှိဘဲ ဘေးကင်းလျက်ရှိကြောင်းနှင့် သဗ္ဗသုခအလုံးစုံနာရေးညီရေးအသင်း (နေပြည်တော်)က ဒဏ်ရာရရှိခဲ့သည့် ပြည်သူ ၄ဦးကို နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း MPAမှ စုံစမ်းသိရသည်။







Photo -သဗ္ဗသုခအလုံးစုံနာရေးညီရေးအသင်း (နေပြည်တော်)