ရန်ကုန်မြို့ရှိ မြို့နယ် ၆ ခု တွင် ဧည့်စာရင်းကို ဓာတ်ပုံနှင့်တကွတိုင်ကြားရန် စစ်တပ်က ညွှန်ကြားထားကြောင်း တာမွေမြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
အရှေ့ဒဂုံ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ လှိုင်သာယာ၊ တောင်ဒဂုံ နှင့် မြောက်ဒဂုံမြို့နယ်တို့တွင် အထက်ပါ ညွှန်ကြားထားကြောင်းသိရသည်။
“ တာမွေက စနေတာ ၈ လပိုင်းထဲကပါ။ အရှေ့ဒဂုံနဲ့ ကန်တော်လေးပဲ အခုမှ စတာ။ ကျန်တဲ့မြို့နယ်တွေကလည်း ကြာနေပြီ။ စစ်တပ်က ဧည့်စာရင်းလာစစ်ချင်တာ၊ တခုခုသိချင်တာဆိုရင် ဓာတ်ပုံကို တခါတည်းယူကြည့်လို့ရအောင် လုပ်တဲ့သဘောပေါ့” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့၊ မွန်းလွဲ ၃ နာရီခန့်က ကန်တောင်(ကန်တော်လေး တောင်ရပ်ကွက်)အုပ်ချုပ်ရေးမှူးရုံးက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း ဧည့်စာရင်းဖြင့်နေထိုင်သူများကို ၅ ရက်အတွင်း မိသားစုတကိုယ်လုံးဓာတ်ပုံများ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ပေးပို့ထားရန် ကားတစ်စီးဖြင့် လိုက်လံဆော်ဩခဲ့ကြောင်း ကန်တော်လေးရပ်ကွက်နေသူတစ်ဦးက ပြောသည်။
“ အခုတိုင်ရတဲ့ပုံစံက ဧည့်စာရင်းအတွက် ကိုယ်လုံးပေါ်ဓာတ်ပုံ ၂ ပုံရိုက်ရတယ်။ တစ်ပုံက ရပ်ကွက်ရုံးကိုပေးရတယ်။ တစ်ပုံက ဧည့်စာရင်းတိုင်ထားတဲ့ဟာနဲ့ရော ချုပ်ထားရတယ်။ ခရီးသွားရတဲ့ အလုပ်လုပ်သူဆိုရင် ကိုယ်ရေးအကျဉ်းပါ ကန့်သတ်ချက်အနေနဲ့ ရပ်ကွက်ရုံးကို တင်ရတယ်။ လာစစ်လို့မတွေ့ရင်ဘာမှ မဖြစ်အောင်။ ကန်ရှေ့ရုံးမှာတော့ ဘာမှ မပေးရဘူး။တောင်းချင်တဲ့သူကိုတောင်းသလိုဖြစ်နေတာ။
အလှူငွေက တစ်ထောင်ပေးရသေးတယ်။” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်က အရှေ့ဒဂုံမြို့နယ်အတွင်း အိမ်ဌားရမ်းနေထိုင်သူများအား အိမ်စာချုပ်မိတ္တူ၊ မှတ်ပုံတင်နှင့် ဧည့်စာရင်းတိုင်ခိုင်းမှုများရှိပြီး အဆောင်နေသူများနှင့် ရွှေ့ပြောင်းလုပ်သားများကိုမူ ကိုယ်လုံးပေါ်ဓာတ်ပုံနှင့် ဧည့်စာရင်းပုံစံဖြည့်စွက်တိုင်ကြားခိုင်းနေကြောင်း MPA၏ မြေပြင်သတင်းထောက်က ပေးပို့သည်။