မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ရထားလမ်းမိုင်းခွဲတိုက်ခိုက်ခံရခြင်းကြောင့် ရထားခရီးစဉ် ဖျက်သိမ်းပြီး လက်မှတ်ခပြန်အမ်းသော်လည်း ခရီးသည်အများစုမှာ အပိုကြေးပေးကာ မှောင်ခိုလက်မှတ်ဝယ်ထားရသဖြင့် နစ်နာကြကြောင်း သိရသည်။
ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းပေါ်ရှိ နှင်းပုလဲဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၇ နာရီခွဲခန့်က သထုံဘက်မှ မန္တလေးဘက်အထိ သွားမည့် ကျောက်တင်ရထားတစ်စီး မိုင်းထိခဲ့ခြင်းဖြစ်ပြီး တွဲတစ်တွဲပက်လက်လန်ကာ တိမ်းမှောက်ခဲ့သလို ရထားလမ်းလည်းပျက်စီးခဲ့သဖြင့် ရန်ကုန်-မော်လမြိုင်ခရီးစဉ်များအား ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
မော်လမြိုင်၊ မုပွန်ရပ်ကွက်နေ ပြည်သူတစ်ဦးက ဒီဇင်ဘာ ၁၄ ရက်နေ့ ရန်ကုန်သို့ ထွက်ခွာမည့် လေအိတ်ရထားဖြင့် လိုက်ပါရန် မှောင်ခိုလက်မှတ်ဝယ်ထားခဲ့ပြီး ခရီးစဉ်ဖျက်သိမ်း၍ နစ်နာခဲ့ရကြောင်း ဆိုသည်။
“လေအိတ်ရထား ရိုးရိုးတန်းကို တစ်သောင်းခွဲပေးပြီး မှောင်ခိုလက်မှတ်ဝယ်ထားရတာ၊ တန်းမစီနိုင်လို့ မှောင်ခိုဝယ်တာမဟုတ်ဘူး။ အစောကြီးသွားတန်းစီလည်း လက်မှတ်မရှိတာချည်းပဲဆိုလို့ မှောင်ခိုဝယ်ရတာ၊ အခုခရီးစဉ်ဖျက်လို့ လက်မှတ်ခပြန်အမ်းတော့ ၇၅၀၀ ပဲပြန်ရတယ်”ဟု ၎င်းကပြောသည်။
ရထားလမ်းပြန်ပြင်နေသဖြင့် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များကို ၂ ရက်၊ ၃ ရက်ကြာ ရပ်နားထားမည်ဟု မော်လမြိုင်ဘူတာမှ ရထားတာဝန်ရှိသူက ပြောကြောင်းသိရသည်။
“ရထားလမ်းပြန်ဖွင့်ရင် အခုလက်မှတ်ဝယ်ထားတဲ့လူတွေထဲက ပြန်သွားချင်ရင် လက်မှတ်တန်းစီစရာ မလိုဘဲ လက်မှတ်ဝယ်လို့ရမလားဆိုတော့ အဲဒါတော့ မပြောနိုင်သေးဘူးတဲ့၊ ဘယ်ပြောနိုင်မလဲ၊ အဲဒီလိုတန်းစီစရာမလိုဘဲ ဝယ်ခွင့်ပေးရင် သူတို့က မှောင်ခိုရောင်းစားရတာ နည်းသွားမှာကိုး”ဟု ၎င်းကဆက်ပြောသည်။
မော်လမြိုင်မြို့အနီးရှိ ချောင်းဆုံမြို့၊အရှေ့ပိုင်းရပ်ကွက်၊ဘုရားကြီးကုန်းနေ ပြည်သူတစ်ဦးက မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်တွင် အစစ်အဆေးများသလို စစ်သားတို့၏ ရိုင်းစိုင်းသောဆက်ဆံရေးကြောင့် ရထားလမ်းဖွင့်ကတည်းက ရထားဖြင့်သာ ရန်ကုန်သွားခဲ့ကြောင်း ရန်ကုန်-မော်လမြိုင် အသွားအပြန် ၃ခေါက်စလုံးတွင် လက်မှတ်ကုန်နေသဖြင့် မှောင်ခိုလက်မှတ်ကိုသာ ဈေးကြီးပေး ဝယ်ခဲ့ရကြောင်း ပြောသည်။
“မော်လမြိုင်ဘူတာမှာရော ရန်ကုန်ဘူတာမှာရော အစောကြီးတန်းသွားစီလည်း လက်မှတ်ကုန်နေ တာချည်းပဲ။လက်မှတ်ရောင်းတဲ့ကောင်တွေရဲ့ မျက်နှာကြောကလည်း အရင်စစ်အစိုးရလက်ထက်က မျက်နှာကြောတွေ ပြန်ဖြစ်နေပြီ။ ကိုယ်တွေကလည်း အဖမ်းခံရမှာကြောက်လို့ ပြန်မပြောရဲဘူး”ဟု ၎င်းကပြောသည်။
ရန်ကုန်-မော်လမြိုင်ရထားကို မနက်တစ်ကြိမ်၊ညတစ်ကြိမ် အစုန်အဆန်ပြေးဆွဲခဲ့ပြီး ကားလမ်းကဲ့သို့ စစ်ဆေးမှုမရှိသဖြင့် စီးနင်းသူ များလာသည်ဟုထင်ကြောင်း ၎င်းကဆက်ပြောသည်။
သထုံမြို့နယ်အတွင်းရှိ တက်ကြွလှုပ်ရှားသူတစ်ဦးက ခရီးသွားပြည်သူများ ထိခိုက်မည်စိုးသဖြင့် ကျောက်တင်ရထားကိုသာ မိုင်းခွဲခြင်းဟုထင်ကြောင်း ပြောသည်။
“ကျွန်တော်တို့ငယ်ငယ်တုန်းကလည်း ဘီးလင်းမှာ မိုင်းထိတာတို့ ရေကြီးတာတို့ ဖြစ်နေကျ ပဲ။ စစ်တပ်က အခုဆို ပိုပြီးတော့တောင် လုံခြုံရေးမယူနိုင်ဘူး”ဟု ၎င်းကပြောသည်။
မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များ မည်သည့်အချိန်တွင် ပြန်ပြေးဆွဲမည်ကို ယနေ့ မနက်ပိုင်းအထိ မြန်မာ့မီးရထားက မကြေညာသေးပေ။