ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင် အသက် ၆၅ နှစ်အရွယ်အမျိုးသားကို ဓားဖြင့်သုံးချက်ထိုးကာ ဆိုင်ကယ်လုယူမှု ဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ က ပြောသည်။
နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ခွဲခန့်က အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက် ၊မင်းကြီးလမ်းမပေါ် ရှိသရက်တောကားမှတ်တိုင်အနီး ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးအား လူငယ်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က လုယူခဲ့ခြင်းဖြစ်ကြောင်း အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“ မနေ့ကဖြစ်တာ။ သရက်တောမှတ်တိုင်နားမှာ အမျိုးသမီးကဆိုင်ကယ်နားကို ကပ်တဲ့အချိန်အမျိုးသားက ဓားနဲ့ထိုးပြီးလုသွားတာ။ အဘိုးအိုက ကံကောင်းလို့မသေဘူး။အချိန်မီကုသပြီး ဆေးရုံပို့ပေးလိုက်နိုင်တယ်” ဟု အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမျိုးသမီးဖြစ်သူက မောင်းနှင်လာသည့်ဆိုင်ကယ်ရှေ့ ပိတ်ရပ်လိုက်သလို လုပ်သောကြောင့် ဆိုင်ကယ် အရှိန်လျှော့လိုက်သည့်အချိန်တွင် အမျိုးသားဖြစ်သူက ဓားဖြင့် ထိုးခြင်းဖြစ်သည်။
“ဓားနဲ့အထိုးခံရတော့ ဆိုင်ကယ်လဲသွားတဲ့အချိန်မှာ ဆိုင်ကယ်ကို လုပြေးသွားခဲ့တာ”လို့ ၎င်း ဆကလက်ပြောသည်။
ဆိုင်ကယ်စီးအမျိုးသား သွေးထွက်လွန်နေသဖြင့် အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ က ရှေးဦးသူနာပြုပြုစုနည်းဖြင့်ကုသကာ ပတ်တီးစည်းပေးပြီး အင်းစိန်ဆေးရုံသို့ ယမန်နေ့ညနေ ၆ နာရီ မိနစ် ၅၀ ခန့်ကပို့ဆောင်ပေးလိုက်ကြောင်း ၎င်းကပြောသည်။
“ ဝမ်းဗိုက်တစ်ချက်၊ ဆီးခုံတစ်ချက်နဲ့ ဒူးခေါင်းနားကို တစ်ချက်စီထိုးပြီး လုသွားတာ။လောလောဆယ် အင်းစိန်ဆေးရုံက အရေးပေါ်ခန်းမှာ ဆေးကုသနေတယ်။ ဆေးရုံအမြန်ရောက်သွားတော့ ကောင်းသွားတာပေါ့။ အခုတော့မစိုးရိမ်ရတော့ဘူး။ ဆိုင်ကယ်ပဲလုသွားတာ” ဟု အထက်ပါ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ဆိုင်ကယ်လုယက်ခံရသူမှာ အင်းစိန်မြို့နယ်တွင် နေထိုင်သူဖြစ်သည်။ သရက်တောကားမှတ်တိုင်အနီးတွင် ယခင်ကလည်း ဆိုင်ကယ်လုယက်မှု ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
Photo- အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့