By MPA 013
တန်ဆောင်တိုင်ပွဲကျင်းပမည့် ပဲခူးမြို့၊ရွှေမောဓောဘုရားယာဉ်ရပ်နားဝန်းသို့ဝင်ရောက်ရာ လမ်းမများကိုအကြမ်းဖက်စစ်တပ်က ယနေ့ ညနေ ၃ နာရီမှစပြီးအသွားအလာပိတ်လိုက်ကြောင်းသိရသည်။
ပဲခူးမြို့ရွှေမောဓောဘုရားယာဥ်ရပ်နားဝန်းသို့ ဝင်ရောက်နိုင်သည့်ဘုရားလမ်းမ၊အုတ်ကန်လမ်းမ၊ငွေပုံကြီး လဘက်ရည်ဆိုင်ရှေ့ဘုရားလမ်းမီးပွိုင့်နှင့်အနောက်ဘက်မုဒ်သို့ဝင်ရောက်နိုင်သည့်Tango လဘက်ရည်ဆိုင် ရှေ့တို့၌ အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့စုစုပေါင်းအင်အား ၅၀ ကျော်ဖြင့် လုံခြုံရေးရယူကာအသွားအလာပိတ်ပင်ထားကြောင်းနန်းတော်ရာရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ပြောသည်။
“ ယာဥ်ရပ်နားဝန်းနဲ့နီးတဲ့နေရာတွေကိုအကုန်အသွားအလာပိတ်ထားတယ်။အဲ့မှာရဲနဲ့စစ်တပ်တွေကိုအင်အား၅၀ ဝန်းကျင်လောက်ဒီညနေမှာကင်းချထားတာတွေ့ခဲ့ရတယ်” ဟု ၄င်းကပြောသည်။
ထို့ပြင်နိုဝင်ဘာ၇ရက်နေ့၌ပြုလုပ်မည့်ပဲခူးတန်ဆောင်တိုင်ပွဲ၊ရွှေ့လျားစက်လှေခါးဖွင့်ပွဲနှင့်မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်ပွဲအတွက်ရွှေမောဓောဘုရားယာဥ်ရပ်နားဝန်းအတွင်းနှင့်အပြင်ဘက်နေရာများဖရှိငွေပုံကြီးလဘက်ရည်ဆိုင်၊ရှင်စောပုဆိုင်ခန်းအုပ်စု သုံးခု နှင့်ယာဥ်ဝန်းဆိုင်ခန်းများ၊သုဒဿနလမ်းအရှေ့ဘက်နှင့်အနောက်ဘက်ရှိဆိုင်ခန်းများနှင့်ဘုရားပန်းအရောင်းဆိုင်များကိုယနေ့ မှစပြီးယာယီပိတ်သိမ်းရန်ရွှေမောဓောဘုရားဂေါပကအဖွဲ့ကညွှန်ကြားထားသည်။
ရွှေမောဓောဘုရားသို့တက်ရောက်နိုင်မည့်အနောက်ဘက်မုဒ်၊ မြို့တွင်းကြီးလမ်းရှိမြောက်ဘက်မုဒ်နှင့်သနပ်ပင်-ပဲခူးကားလမ်းမအနီးတောင်ဘက်မုဒ်အပါအဝင်တန်ဆောင်တိုင်ပွဲကျင်းပသည့်ယာဥ်ဝန်းအတွင်းရှိအရပ်လေးဘက်နေရာ၌ လုံခြုံရေးဘန်ကာများနှင့်မျှော်စင်များပြုလုပ်ကာအကြမ်းဖက်စစ်သားအင်အား ၁၀၀ ဝန်းကျင်နေရာယူထားသည်ကိုတွေ့မြင်ခဲ့ရကြောင်းလုံခြုံရေးအရအမည်မဖော်လိုသည့်ယာဥ်ရပ်နားဝန်းရှိစျေးဆိုင်ရှင်တစ်ဦးကဆိုသည်။
” မနက်ဆိုင်ပိတ်နေရင်းတွေ့ခဲ့တာ။ဘုရားပေါ်တက်လို့ရမဲ့တန်ဆောင်းမုဒ်သုံးခုကိုရဲတွေနေရာယူထားတယ်။ယာဥ်ရပ်နားဝန်းကထောင့်နေရာအလိုက်ကိုဘန်ကာတွေမျှော်စင်တွေလုပ်ပြီးစစ်တပ်နဲ့ရဲတွေနေရာယူထားတယ်။လူကတော့ခန့်မှန်းခြေ၁၀၀ လောက်ရှိမယ်။ယာဥ်ရပ်နားဝန်းထဲကိုအပြင်လူဝင်ခွင့်ပိတ်ထားတယ်။” ဟု ၄င်းကဆိုသည်။
တိုင်းပြည်အေးချမ်းနေသောပုံစံဖြင့်အကြမ်းဖက်စစ်ကောင်စီပြုလုပ်မည့်ပဲခူးတန်ဆောင်တိုင်ပွဲတော်သို့ပဲခူးပြည်သူများမသွားရောက်ကြရန်နှင့်သွားရောက်သူများအနေဖြင့်နောက်ဆက်တွဲဖြစ်ပေါ်လာသောကိစ္စများအပေါ်လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း NEW BAGO WORLDအဖွဲ့ကသတိပေးထားသည်။
ပဲခူးရွှေမောဓောတန်ဆောင်တိုင်ပွဲတော်ကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မှ၂၀၂၀ ခုနှစ်အထိ ကျင်းပခဲ့ရာ လူပေါင်းသိန်းချီလာရောက်ခဲ့သည်။