မြန်မာနိုင်ငံကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လက်ရှိအချိန်အထိ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၂၃၄၂) ဦး ရှိပြီဖြစ်ကြောင်း သိရရှိရသည်။
ယင်းသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ လက်ရှိအချိန်အထိ ကောက်ယူထားသည့် အချက်အလက်များ ဖြစ်သည်။
ကျဆုံးသွားသူများမှာ ယခုကဲ့သို့ ကိန်းဂဏန်းတစ်ခုကို ရောက်ရှိလာပြီဖြစ်သလို တစ်ဘက်တွင်လည်း ဖမ်းဆီးချုပ်နှောင်ခံရသူများမှာ တစ်သောင်းကျော် ရှိနေပြီဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ယခုနှစ်အောက်တိုဘာလ ၁၀ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း (၁၂၆၀၈) ဦးရှိပြီး ယင်းတို့အနက် (၁၅၀၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။
ထို့အပြင် သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၈၄) ဦးရှိပြီဖြစ်သလို မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်းမှာ လက်ရှိအထိ (၁၂၆) ဦးရှိပြီဖြစ်ပြီး အာမခံဖြင့် လွတ်မြောက်သူ (၂၂) ဦးနှင့် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၁၇၆) ဦး ရှိပြီဖြစ်ကြောင်း AAPP က ဆိုသည်။