ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကာကွယ်ပေးရန် အချိန်ကျပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့တွင် အသိပေးတိုက်တွန်းလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအနေဖြင့် တည်ဆဲဥပဒေများအပြင် မည်သည့်ကျင့်ဝတ်များကိုမျှ လေးစားလိုက်နာမှုမရှိဘဲ ၎င်းတို့ စိတ်ကြိုက် ပြုမှုဆောင်ရွက်နေမှုအပေါ်လည်း ဝေဖန်ထားသည်။
လက်ရှိတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားသော ပါတီခေါင်းဆောင်အချို့ အကျဉ်းထောင်ထဲတွင် စနစ်တကျ ဆေးကုသမှု မရရှိသည့်အပြင် အကျဉ်းထောင်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ကြောင့် သေဆုံးသွားသည့်သူတချို့အတွက်ပါ ပြစ်တင်ဝေဖန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီသည် စာသင်ခန်းများအတွင်းမှ မူလတန်းအရွယ် ကလေးသူငယ်များအပါအဝင် လူထုအပေါ် စစ်ရာဇဝတ်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများစွာကို ပေါ်ပေါ် ထင်ထင်ကျူးလွန်လျက်ရှိနေသည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ချက်နှင့်တကွ အသိပေးလာခြင်းလည်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် “အာဏာသိမ်းစစ်ကောင်စီကို လက်တွေ့ကျပြီး၊ ပိုမိုထိရောက်သော နည်းလမ်းများနှင့်တကွ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုကာကွယ်ပေးရန် အချိန်ကျပြီဖြစ်ကြောင်း” ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့ နိုင်ငံအသီးသီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို တိုက်တွန်းအသိပေးလိုက်ခြင်းဖြစ်သည်။