ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြွေအန္တရာယ် များပြားလွန်းသောကြောင့် တစ်နှစ်လျှင် မြွေအကာင်ရေ ခြောက်သောင်းအထိ ဖမ်းဆီးဖယ်ရှားခဲ့ရသည်ဟု ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြလာသည်။
ဘန်ကောက်မြို့ကဲ့သို့ လူစည်းကားလွန်းပြီး တိုးတက်မှုရှိနေသည့် မြို့တွင် ယခုကဲ့သို့ မြွေများ သွားလာလှုပ်ရှားနေသည်မှာ ထူးဆန်းသည်ဟု ဆိုနိုင်သော်လည်း မြို့နေပြည်သူများ၏ တစ်နေ့တာလှုပ်ရှားမှုတွင် မြွေကိစ္စမှာ အရေးပေါ်ဖြစ်လာရသည်။
ဘန်ကောက်ပို့စ်သတင်းဌာန၏ ဖော်ပြချက်အရ များပြားလွန်းသောမြွေများကြောင့် ပျမ်းမျှနှုန်းဖြင့် (၁၅) မိနစ်တစ်ကြိမ် မြွေများ ဖယ်ရှားပေးရန် အကူအညီတောင်းခံမှုများ လက်ခံရရှိနေသည်ဟု ဆိုသည်။
ဘန်ကောက်ရှိ အရေးပေါ်ကူညီပေးသူများသည် မြွေများနှင့် ပတ်သက်သော ဖုန်းခေါ်ဆိုမှုများကို အများအပြားလက်ခံရရှိပြီး တစ်နေ့လျှင် အကြိမ် ၂၀၀ ခန့် ဖုန်းခေါ်ဆိုမှုတွင် ထက်ဝက်သည် မြွေများနှင့် ပတ်သက်နေသည်ဟု အသိပေးထားသည်။
ဖမ်းဆီးရမိသော မြွေများကို သင့်လျော်သည့် တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးဌာနများသို့ ပို့ဆောင်နိုင်ခဲ့သော်လည်း တစ်နှစ်လျှင် မြွေ သုံးထောင်မှ ခြောက်ထောင်သည် ဖမ်းမမိခဲ့ဟု ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားသည်။
ဘန်ကောက်မြို့တွင်ဖမ်းဆီးရမိသော မြွေများတွင် ပုံမှန်အားဖြင့် ၁၀ ရာခိုင်နှုန်းခန့်မှာ စပါးအုံးမြွေဖြစ်ပြီး ကျန် ၉၀ ရာခိုင်နှုန်းမှာ စပါးကြီးမြွေးများ ဖြစ်သည်ဟု ဆိုသည်။