By MPA 004
ရှစ်လေးလုံးနှစ်ပတ်လည်နေ့က ရန်ကုန်မြို့အထင်ကရနေရာအချို့တွင် ထီးသပိတ်ပြုလုပ်ခဲ့သည့် သပိတ်အဖွဲ့ဝင်တစ်ဦးနှင့် လှုပ်ရှားမှုကို မှတ်တမ်းရယူပေးသည့် ဓာတ်ပုံဆရာတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ၂၀.၈.၂၀၂၂၊ ည ၁၀ နာရီခွဲခန့်တွင် ရန်ကုန်လူထုအဖွဲ့ဝင်၊ SMVTI Vocational Training Institute မှကျောင်းသားတစ်ဦးအား တာမွေမြို့နယ်၊ ကျောက်မြောင်းလမ်း နှင့် သုခလမ်းထောင့်နေအိမ်၌ စစ်တပ်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်း အကြမ်းဖက် ခေါ်ဆောင်သွားခဲ့သည်ဟု ရန်ကုန်လူထုသပိတ် ( Yangon People’s Strike) က ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်ထဲတွင် ၂၀.၈.၂၀၂၂၊ ည ၁၂ နာရီခန့်တွင် အလွတ်တန်းဓာတ်ပုံဆရာ ကိုစစ်မင်းနိုင် နှင့် SMVTI Vocational Training Institute မှကျောင်းသားတစ်ဦးအား မရန်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ အလောင်းဘုရားလမ်းနှင့် ၁၂လမ်းထောင့် နေအိမ်၌ အကြမ်းဖက်စစ်တပ်မှ ဝင်ရောက်စီးနင်း အကြမ်းဖက်ခေါ်ဆောင်သွားခဲ့သည်။ ၄င်းနှင့်အတူ ကင်မရာ တစ်လုံး၊ Desktop နှစ်လုံး၊ ဓာတ်ပုံလုပ်ငန်းသုံး ငွေသား ကျပ်သိန်းနှစ်ဆယ်ခန့် ပါယူဆောင်သွားသည်ဟုသိရသည်ဟု ရေးသားဖော်ပြထားသည်။
ထိုလူငယ်များဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများနှင့် တယ်လီဂရမ်ချန်နယ်အချို့တွင် ဖမ်းဆီးခံရသူများ၏ ဓာတ်ပုံများ တက်လာခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ဝါဒဖြန့် လော်ဘီများ၏ ထုတ်ပြန်ထားသည့် ပုံများအရ “စစ်ကောင်စီက အဆိုပါလူငယ်တွေကို အကြမ်းဖက်ဘယ်လိုဖမ်းဆီးထားတယ်ဆိုတာကို မျက်ဝါးထင်ထင်တွေ့မြင်ရပါတယ် ” ဟု Assistance Association for Myanmar-based Independent Journalists က အသိပေးထားသည်။