ရုရှားနိုင်ငံ၏ လက်ရှိ စစ်မြေပြင် စွမ်းဆောင်ရည်များသည် ၎င်းတို့၏ လက်နက်အရည်အသွေးကို ထင်ဟပ်စေပြီး အာဆီယံနိုင်ငံများအနေဖြင့် ရုရှားနိုင်ငံမှ လက်နက်များ မဝယ်ကြရန် ယူကရိန်းနိုင်ငံက သတိပေးလိုက်သည်။
လက်ရှိတွင် ရုရှားနိုင်ငံအနေဖြင့် ကြီးမားသည့် လက်နက်တင်ပို့ရောင်းချမှုပြုလုပ်နေသည့် နိုင်ငံကြီးတစ်ခုဖြစ်သော်လည်း ၎င်းတို့၏ လက်နက်များမှာ စွမ်းဆောင်ရည်ညံ့ဖျင်းမှုရှိနေသည်ဟု ယူကရိန်းဘက်က ယုံကြည်နေခြင်းဖြစ်သည်။
South China Morning Post သတင်းဌာန၏ ဖော်ပြချက်အရ ထိုသို့ သတိပေးမှုကို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က အာဆီယံသတင်းထောက်များနှင့် တွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအရေးအတွက်ပါ ၎င်းက သုံးသပ်ချက်များပြုလုပ်ခဲ့သည်။
“ရုရှားက မြန်မာနဲ့ဆက်ဆံရေးကို မြှင့်တင်သလိုလုပ်ပြီး ဒေသတွင်း လုံခြုံရေး ဘေးအန္တရာယ်တွေတိုးပွားအောင် ခြေကုပ်ယူကြိုးပမ်းနေတာပါ”ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က အသိပေးသည်။
ယခုလအစောပိုင်းတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန် စစ်ဘက်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
“ ရုရှားလက်နက်တွေဝယ်ဖို့ စဉ်းစားသူတွေဟာ ဒီလက်နက်တွေကို အများအပြားဖျက်ဆီးပစ်ခဲ့တဲ့ ယူကရိန်းရဲ့ အတွေ့အကြုံကနေ ပထမဆုံး သင်ယူသင့်ပါတယ်” ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က သတိပေးခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့တွင် အကြမ်းစစ်တပ်က မြန်မာနိုင်ငံကို အာဏာသိမ်းပြီးနောက် ရုရှားသည် မြန်မာနိုင်ငံအတွက် လက်နက်များ အဓိက ရောင်းချပေးနေသည့် နိုင်ငံဖြစ်ခဲ့သည်။