By MPA 001
အကြမ်းဖက်စစ်ကောင်စီတပ်မှ Expressကားများကို တင်းကျပ်စွာစစ်ဆေးရန်ညွှန်ကြားထားကြောင်း ပြင်ဦးလွင်မြို့အဝင်ဂိတ်မှ တာဝန်ရှိအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်အဆင့်ရှိသူတစ်ဦးက ပြောသည်။
Expressကားများပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များမှ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့နေသောကြောင့် ခရီးသွားကားများအား နှံ့နှံ့စပ်စပ်စစ်ဆေးနေခြင်းဖြစ်ပြီး ခရီးသွားများအား လူနှင့် မှတ်ပုံတင်တိုက်၍စစ်ဆေးကာ အလုပ်အကိုင်များကို စစ်ဆေးမည်ဖြစ်ကြောင်း မြတ်မန္တလာထွန်း Expressကားကို စစ်ဆေးချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်အဆင့်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။
” Expressကားအားလုံးကို စစ်မှာပါ။ အားလုံးအောက်ဆင်းပါ။ မှတ်ပုံတင်တွေကို မျက်နှာနဲ့ တိုက်စစ်မှာပါ။ ကျွန်တော်တို့မေးတာတွေလည်း ဖြေပေးပါ။ ခံတပ်တွေအနား မကပ်ပါနဲ့ ဝေးဝေးနေကြပါ ” ဟု မြတ်မန္တလာထွန်း Expressကားကို စစ်ဆေးချိန်တွင် ဗိုလ်အဆင့်ရှိသူတစ်ဦးက ဆိုသည်။
အထက်ပါစစ်ဆေးမှုကို ဩဂုတ်လ ၁၅ရက်နေ့မှ စတင်ကာ ယနေ့အထိ တင်းကျပ်စွာစစ်ဆေးနေခြင်းဖြစ်ပြီး အမြန်လမ်းမပေါ်တွင်လည်း လက်ဖက်ရည်ဖိုးပေးပြီး စစ်ဆေးမှုရှောင်၍ မရဘဲ ခရီးသည်တင်ကားပေါ်ပါ ပစ္စည်းများကို မွှေနှောက်ရှာဖွေနေကြောင်း အမည်မဖော်လိုသူ Express ယာဉ်မောင်းတစ်ဦးကပြောည်။
“ အခု စစ်တပ်က ကြောက်ချီးပန်းနေပြီ။ PDFတွေ ပစ္စည်းသယ်မယ်ဆိုတဲ့သတင်း ရထားတာနဲ့တူတယ် ။ သူတို့က ခဏခဏစစ်နေတော့ လိုရာခရီးမရောက်တော့ဘူး။ တချို့ဂိတ်ကြီးတွေဆို X-ray စက်တွေနဲ့ပါ လူရောကားရော ဖြတ်ခိုင်းပြီး စစ်တဲ့အထိဖြစ်နေပြီ ” ဟု အမည်မဖော်လိုသူ Express ယာဉ်မောင်းတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၀ရက်နေ့က လားရှိုးမှ ရန်ကုန်သို့ Expressဖြင့် ပြန်လာသူ အမျိုးသမီးတစ်ဦးအား MPAမှ မေးမြန်းရာ မှတ်ပုံတင်နှင့် မျက်နှာအားတိုက်စစ်၍ အလုပ်အကိုင်နှင့် ခရီးသွားမည့်နေရာအားမေးကြောင်း ရှင်းပြသည်။
” အရင်ကဆို မှတ်ပုံတင်စစ်ရင် မိန်းကလေးဆို မစစ်ဘူး။ အခုကမရဘူး။ မိန်းကလေးလဲ ယောကျာ်းလေးတွေကိုမေးသလိုစစ်တာ။ သူတို့မသင်္ကာတဲ့သူဆို မှတ်ပုံနံပါတ်ရွတ်ပြခိုင်းတာတွေ ဖုန်းစစ်တာတွေပါလုပ်တယ် ” ဟု အထက်ပါအမျိုးသမီးကရှင်းပြသည်။
လက်ရှိ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့ကြီးများ၏ မြို့အဝင်ဂိတ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ခရီးသည်နှင့် ကုန်ပစ္စည်းများကို တင်းကျပ်စွာစစ်နေကာ ၅/ စစ်ကိုင်းတိုင်း နှင့် ၁၄/ဧရာဝတီတိုင်း မှတ်ပုံတင်ကိုင်ဆောင်သူများကို အဓိကထားကာ တင်းကျပ်စွာစစ်ဆေးနေကြောင်း Expressကားသမားများထံမှ စုံစမ်းသိရသည်။