By MPA 001
ဒီဇယ်မလောက်ဟုဆိုကာ ပုလောမြို့နယ်EPCရုံးမှ ပုလောမြို့ကို တစ်ရက် ၁၂ နာရီ မီးဖြတ်ထားကြောင်း ပုလောမြို့နယ် အမှတ် ၂ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။
အထက်ပါ မီးဖြတ်တောက်မှုကို ပြီးခဲ့သည့် ဩဂုတ်လ ၁၃ရက်နေ့မှ စတင်ပြီး ပုလောမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများအားလုံးကို တစ်ရက်လျှင် မနက်၄နာရီမှ စတင်ကာ ညနေ ၄နာရီအထိ လုပ်ဆောင်နေကြောင်း ပုလောမြို့နယ် အမှတ် ၂ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
“ မီးက မနေ့ကစပျက်တာ။ ဘယ်နေ့အထိ အခုလိုပျက်မလဲဆိုတာ မသိဘူး။ အခု ထမင်းဟင်းကအစ မီးသွေးနဲ့ ထင်းသုံးနေရပြီ။ ဖြတ်ချင်လဲ ညပိုင်းမှဖြတ်တာ တော်သေးတယ်။ မနက်ပိုင်းဖြတ်တော့ အားလုံးဒုက္ခရောက်တာပေါ့ ” ဟု ယင်းအမျိုးသမီးကရှင်းပြသည်။
ယခုလိုမီးဖြတ်တောက်မှုနှင့်ပတ်သက်ပြီး ပုလောမြို့နယ် EPCရုံး၏ တာဝန်ရှိသူတစ်ဦးက စက်မောင်းဒီဇယ်ဆီ မလောက်ငှတော့သည့်အတွက် ယခုလို မီးပြတ်တောက်ရခြင်းဖြစ်ကြောင်း ပြောသည်။
“ အခုက ၄၀၀ဗို့တိုက်ရိုက်လိုင်းကိုပဲ သုံးနေရတာ။ မီးအားက သိပ်မနိုင်ချင်ဘူး။ အထက်ကလဲ ဒီဇယ်စရိတ်မချပေးသေးဘူး။ မနေ့ကရက်စွဲနဲ့ အခုလို ၁၂နာရီမီးဖြတ်ဖို့ ညွှန်ကြားလာတာ ” ဟု ပုလောမြို့နယ်EPCရုံး၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိပုလောမြို့နယ် နေထိုင်သူများအနေဖြင့် လျှပ်စစ်မီးပေးမှုအား နံနက်ပိုင်း ရွေးဖြတ်မှုအပေါ် ကျေနပ်မှုမရှိကြောင်းနှင့် ဓာတ်ဆီစျေးမြင့်တက်နေမှုကြောင့် မီးစက်ကို အားထားအသုံးပြုနိုင်ခြင်းမရှိကြောင်း MPAမှ စုံစမ်းသိရသည်။