ဂီတအနုပညာရှင်တစ်ဦးဖြစ်သည့် မြန်မာသံတေးသံရှင် အဆိုတော်ပိုင်သက်ကျော်ကို အကြမ်းဖက်စစ်ကောင်စီတရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း ပိုင်သက်ကျော်မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်းက မြန်မာသံတေးသံရှင် အဆိုတော်ပိုင်သက်ကျော်ကို လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာအတွင်း အိမ်တိုင်ရာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဟန်ငြိမ်းဦးတယ်လီဂရမ်ချန်နယ်မှ အဆိုတော်ပိုင်သက်ကျော်သည် CDMသမားများကို ထောက်ပံ့နေကြောင်း လှုံ့ဆော်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ပိုင်သက်ကျော်မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ဟိုမအေပေးမွှေလိုက်တာ။ သူလုပ်လို့ အဖမ်းခံရတာ။ လှိုင်သာယာက သူနေတဲ့ နဝဒေးအိမ်ရာထဲပဲ မတ်လတုန်းက လာဖမ်းသွားတာ။ အခုတော့ ထောင်ကျနေပါပြီ ” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။
အဆိုတော်ပိုင်သက်ကျော်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခြင်းအပေါ် မြန်မာနိုင်ငံ ဂီတအစည်းအရုံးအနေနှင့် အယူခံဝင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဌ ဦးလွင်မြင့်က ပြောသည်။
“တကယ်တော့ မတ်လကတည်းက သူ့အမေနဲ့ဦးတို့ အသနားခံစာတင်ထားသေးတယ်။ နစကအနေနဲ့လည်း သေချာစိစစ်ပြီး လုပ်ဆောင်မှာပါ။ မသန်စွမ်းဖြစ်တဲ့အတွက် အသနားခံစာတင်သွားပေးမယ်။ သူလိုအပ်တာတွေကို ကူညီဖို့အသင့်ပါ ” ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဌ ဦးလွင်မြင့်က ဆိုသည်။
အဆိုတော်ပိုင်သက်ကျော်သည် မွေးရာပါမသန်စွမ်း ကိုယ်လက်အင်္ဂါချို့တဲ့သော်လည်း မြန်မာဂီတရပ်ဝန်းတွင် မြန်မာသံတေးသီချင်းများကို ပြောင်မြောက်စွာသီဆိုနိုင်ပြီး ပရိသတ်အမြောက်အမြား နှစ်သက်သဘောကျသည့် အဆိုတော်တစ်ဦးလည်းဖြစ်သည်။
အဆိုတော် ပိုင်သက်ကျော်ကို CDM သမားများအား ထောက်ပံ့မှုဖြင့် အင်းစိန်ထောင် အထူးတရားရုံးမှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ( ၅၀ )ည၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်တိတိကို ပြီးခဲ့သည့် ဇွန်လ လလယ်ပိုင်းတွင် ချမှတ်ခဲ့ကြောင်း ပိုင်သက်ကျော်မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။