By Jar Seng / MPA
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်(AA) က ၎င်းသိမ်းပိုက်ထားသည့် နယ်မြေများ၌ မြေမြှုပ်မိုင်း အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်နေမှုအပြင် မိုင်းအန္တရာယ်နှင့် ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ကျန်ရှိခဲ့သည့် မြေမြှုပ်မိုင်းများကို ဒေသခံများက နင်းမိရာမှ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများ တိုးပွားလျက်ရှိနေသည်။
ထိုကဲ့သို့ မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် အာရက္ခတပ်တော်(AA)က အရပ်သားပြည်သူများ မိုင်းအန္တရာယ်ကင်းရှေးအတွက် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ အသိပညာပေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ကျတော်တို့ တောင်ကုတ်မြို့နယ်မှာ မြေမြှုပ်မိုင်းသတိပေး ဆိုင်းဘုတ် စိုက်ထူပေးတာတွေ၊ မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပေးဆော်ဩတာတွေ၊ ပညာပေးဟောပြောပွဲတွေကို ဒီအတောအတွင်းမှာ တပ်တော်က ဆက်တိုက်ဆိုသလို လုပ်ဆောင် ပေးနေတာတွေ တွေ့ရပါတယ် ” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။
ထို့အတူ ရသေ့တောင်မြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက “ကျတော်တို့ မြို့နယ်မှာလည်း တပ်တော်က မိုင်းသတိပေးဆိုင်းဘုတ်၊ မိုင်းအသိပညာပေးဟောပြောပွဲတွေကို ဖေဖော်ဝါရီ ခြောက်ရက်နေ့မှာ လာလုပ်ပေးခဲ့ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းများအပြင် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများကြောင့် ဒေသခံများ သေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျက်ရှိကာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်၊ နံနက် ၁၀ နာရီခန့်က မောင်တောမြို့နယ်၊ ရွှေဇာဂုံးနားရွာမှ ဒေသခံများသည် မပေါက်ကွဲသေးသည့် ဗုံးသီးကို ထုခွဲရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။
“ သူတို့ ကောက်ရတဲ့ ဗုံးသီးကို လက်ဖက်ရည်ဆိုင်မှာ ထုခွဲနေရင်း ပေါက်ကွဲသသွားတာဖြစ်တယ်။ ဗုံးသီးကို ထုနေတဲ့အနီးအနားမှာလည်း သူ့သူငယ်ချင်းတွေရှိကုန်တော့ ထိခိုက်ဒဏ်ရာရတဲ့သူများသွားတာပါ ” ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ AA အနေဖြင့် ၎င်းတို့ ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်၀ဒေသအပါအဝင် ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ တောင်ကုတ်၊ ရမ်းဗြဲ၊ သံတွဲ နှင့် ဂွမြို့နယ်တို့တွင် မိုင်းအန္တရာယ်အသိပေးဆိုင်းဘုတ်များထောင်ခြင်းနှင့် ဟောပြောပွဲများ လုပ်ဆောင်လျက်ရှိသည်။
ထိုကဲ့သို့ AAက မိုင်းအန္တရာယ်အသိပေးဆိုင်းဘုတ်များ ထောင်ခြင်းနှင့် ဟောပြောပွဲများ လုပ်ဆောင်မှုအပြင် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကိုလည်း ပိုမိုလုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ဒေသခံများက ထောက်ပြမှုများလည်းရှိနေသည်။
“ တပ်တော်အနေနဲ့ မြေမြှုပ်မိုင်း အန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲတွေကို မြို့နယ်တိုင်းလိုလိုမှာ လုပ်ဆောင်လာတာကို တွေ့ရတယ်။ ဒါတွေက ကောင်းမွန်တဲ့လက္ခာတွေပါ၊ ဒါပေမဲ့လည်း ပြည်သူတွေက အခုထိ မြေမြှုပ်မိုင်းကြောင့် ထိခိုက်နေတုန်းပါပဲ၊ အထူးသဖြင့် တော၊ တောင်ကို မှီခို စားသောက်နေရတဲ့ ပြည်သူတွေနဲ့ ကလေးငယ်တွေအတွက် မိုင်းရှင်းလင်းရေးတွေကို ပိုလုပ်ဆောင်ပေးစေချင်ပါတယ်” ဟု ကျောက်တော်မြို့နယ် ဒေသခံတစ်ဦးက အကြုံပြုထားသည်။
ရခိုင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီ တစ်ရက်မှ ဖေဖော်ဝါရီ ၁၁ရက်အထိ မြေမြှုပ်မိုင်းကြောင့် ကလေးငယ်များအပါအဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများ၏ ပြောကြားချက်အရသိရသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း လက်နက်ကြီးနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူများသည် အလုပ်အကိုင်ရှားပါးမှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလည်း ကြုံတွေ့နေရသည်။
ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ အထိ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနှင့် မြေမြှုပ်မိုင်းများကြောင့် ဒေသခံ ၈၀၀ ကျော်သေဆုံးခဲ့ရပြီး၊ ၁၆၆၅ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသူများ၏ ပြောကြားချက်အရ သိရသည်။