By Nway / MPA
ရခိုင်ရိုးမနှင့် ထိစပ်နေသော ပဲခူး၊မကွေးနှင့်ဧရာဝတီတိုင်းအစပ်တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က အကြိမ်ကြိမ်ထိုးစစ်ဆင်ကာ သေဆုံး၊ထိခိုက်များစွာဖြင့် ဆုတ်ခွာထွက်ပြေးနေ ရကြောင်း ရက္ခိုင့်တပ်တော်AA က သတင်းထုတ်ပြန်သည်။
ရခိုင်ရိုးမ နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရိုးမတောင်တန်း နှင့် ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီတိုင်း အစပ် နှင့် ရခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း အမ်းမြိုနယ်အတွင်း အမ်း-ပဒါန်း ကားလမ်းမအနီး၌ အပြန်အလှန် ထိုးစစ်၊ ခံစစ်များနှင့်အတူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်မှာ တစ်ပတ်ကျော် ကြာပြီဖြစ်ပြီး ရခိုင်-ဧရာဝတီတိုင်း အစပ်၏ နေရာအချို့၊ ပွိင့် ၃၆၉ကုန်း နှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ချင်းစုကျေးရွာအနီးတွင် လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း AAက ထုတ်ပြန်ထားသည်။
“အာရက္ခတပ်တော် AA က ရခိုင်နဲ့ နယ်နိမိတ်ချင်းထိစပ်တဲ့နေရာတွေကိုပါ ထပ်မံသိမ်းပိုက်မယ့် သ ဘောပေါ့။ ထိစပ်နေတဲ့ နယ်နိမိတ်တွေမှာ ကာကင်းတွေတည်ဆောက်ပြီး ရခိုင်ဒေသလုံခြုံရေး အ တွက် စိတ်ချရအောင်လုပ်မယ်လို့ထင်ပါတယ်။စစ်ရဲ့သဘောက ပြိုပြီဆို တောက်လျှောက်ပြိုလေ့ရှိ တာမို့ မင်းအောင်လှိုင်တပ်တွေ ထပ်ပြိုဖို့ပဲရှိတယ်”ဟု ရခိုင်အမျိုးသား စာ ရေးဆရာတစ်ဦးက MPAသို့ပြောသည်။
တစ်ပတ်ကျော် ကြာတိုက်ပွဲများအတွင်း ရန်သူ့အလောင်းအမြောက်အမြား၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများစွာကို သိမ်းဆည်းရမိခဲ့ပြီး သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
AA သိမ်းပိုက်ရန် ကျန်ရှိနေသည့် အဓိက မြို့ကြီးသုံးမြို့ ဖြစ်သော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များထဲမှ စစ်တွေမြို့နှင့်အနီးတစ်ဝိုက်တွင် စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းနှင့် စနိုက်ဘာများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသလို လေကြောင်း၊ ရေကြောင်းများမှလည်း ရမ်းသန်းပစ်ခတ်မှုများ နေ့စဉ်နှင့်အမျှရှိနေကာ အထူးသဖြင့် ဒရုန်းတိုက်ခိုက်မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှု ပိုမိုများပြားကြောင်း သိရသည်။
ဇန်နဝါရီ၂၀ရက်၊ မွန်းလွဲတစ်နာရီကျော်တွင် စစ်ကောင်စီတပ်သည် စစ်တွေမြိုနယ်၊ ကံ့ကော်ကျွန်းရွာမှ ၎င်း၏တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာထဲသို့ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ဝါဘိုကျေးရွာအတွင်းရှိ အရပ်သားအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်။

