By Jar Seng / MPA
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)က ပြည်တွင်းနိုင်ငံရေး အခင်းအကျဉ်းများကို စစ်ရေးဖြင့် ဖြေရှင်းခြင်းထက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း ယမန်နှစ်၊ ဒီဇင်ဘာ ၂၉ရက်က ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ အရပ်သားပြည်သူများကို လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ စစ်ကောင်စီက ရခိုင်ပြည်နယ်သို့ ဗုံးကြဲတိုက်ခိုက်မှုများအနက် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ရှစ်ရက်၊ မွန်းလွဲ တစ်နာရီခန့်က ရမ်းဗြဲမြို့နယ်၊ ကျော်နီမော်ကျေးရွာသို့ လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုသည် အဆိုးရွားဆုံးဖြစ်ပြီး အရပ်သားပြည်သူ ၄၀ကျော်သေဆုံးကာ၊ ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်၊ သေဆုံးမှုအပြင် ကျောက်နီမော်ကျေးရွာ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်မှ နေအိမ် ၅၀၀ခန့် မီးလောင်ပျက်စီးခဲ့ရသည်။
“ စစ်ကောင်စီက ကျတော်တို့ အပြစ်မဲ့ပြည်သူတွေကို အလွတ်မပေးတော့ဘူး။ လူစိတ်လည်း မရှိတော့ဘူး။ တိုက်ပွဲတွေကြောင့် မြို့က သုညကနေပြီး ပြန်လည်ထူထောင်ရေးတွေ လုပ်နေရတာပါ၊ သူတို့တွေ ရည်ရွယ်ချက်ရှိရှိ လာပစ်သွားတာ ” ဟု ရမ်းဗြဲမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံခဲ့ရသ်ည့ ရမ်းဗြဲမြို့နယ်မှ ပြည်သူများသည် လက်ရှိ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိပြီး ထိခိုက်ဒဏ်ရာရသူများ၌ ကလေးငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများပါဝင်ကြောင်းလည်း သိရသည်။
“လက်ရှိအချိန်ထိ ကောက်ယူထားတဲ့ အချက်အလက်အရ အရပ်သားစုစုပေါင်း ၄၁ ဦးသေသွားပါတယ်။ ၅၂ ဦးက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပါတယ်။ ကလေးသူငယ်တွေအပါအဝင် ပြင်းထန်စွာဒဏ်ရာရသွားတဲ့သူတွေအတွက် အကူညီတွေလိုအပ်နေပါတယ် ” ဟု ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် အကူအညီတောင်းကာ ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ငါးရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ အင်ဇုံပြင်ကျေးရွာအနီး၊ ဖုန်းလိုင်းရသည့် နေရာ၌ အရပ်သားပြည်သူများ စုဝေးရာနေရာသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဆယ်ကျော်သက် ရိုဟင်ဂျာကလေးငယ်တစ်ဦးအပါအဝင်၊ အမျိုးသမီး လေးဦးသေဆုံးခဲ့ရသည်။
အလားတူ ဇန်နဝါရီ သုံးရက်၊ နံနက် တစ်နာရီခန့်ကလည်း မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့အား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းတော်ကြီးကျောင်း၊ ဆေးရုံဆေးခန်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီးကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သေးသည်။
ထို့ပြင် ယမန်နှစ် ဒီဇင်ဘာ ၃၁ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာသို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် အမျိုးသမီးအပါအဝင် အရပ်သား ငါးဦးသေဆုံးကာ လူနေအိမ်နှင့် ဘုန်းကြီးကျောင်း ပျက်စီးမှုများရှိခဲ့သည်။
ထိုကဲ့သို့ စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး အရပ်သားပြည်သူများကို သတ်ဖြတ်နေခြင်းသည် စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခြင်းဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီက အမြန်ဆုံး အရေးယူသင့်ကြောင်း ထောက်ပြမှုများလည်းရှိနေသည်။
“ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းစစ်ရှုံးနေတဲ့ စစ်ကောင်စီက အရပ်သားပြည်သူတွေပါ မချန် မထူးဇာတ်ခင်း ပြီး လိုက်လံသတ်ဖြတ်နေတာ၊ ဒါက စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးကို ပေါ်ပေါ်ထင်ထင် ကျုးလွန်နေတယ်လို့ ပြောချင်တယ်။ အထူးသဖြင့် သက်ဆိုင်ရာနိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေ အနေနဲ့လည်း အမြန်ဆုံး အရေးယူပေးဖို့ ပြည်သူတစ်ဦးအနေနဲ့ တောင်းဆိုလိုပါတယ် ” ဟု လူ့အခွင့်အရေးလုပ်ရှားသူတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် AA အနေဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၇ မြို့အနက် ၁၄ မြို့နယ်အား အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး၊ ပြည်နယ်မြို့တော် စစ်တွေ၊ သဘာဝဓာတ်ငွေ့ထွက်သည့် ကျောက်ဖြူ မြို့နှင့် မာန်အောင် မြို့များကို သိမ်းပိုက်ရန် ကျန်ရှိနေသေးသည်။
ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်ရေး၌ အရှုံးဖြင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာဒေသများသို့ ဂျက်ဖိုက်တာဖြင့် မကြာခဏ တိုက်ခိုက်နေသောကြောင့် အရပ်သားပြည်သူများမှာ နေ့စဉ်နဲ့အမျှ သေဆုံးနေကြရသည်။









