By Jar Seng / MPA
ရခိုင်ပြည်နယ်ရှိ AA ထိန်းချုပ်ထားသည့်မြို့နယ်များကို စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး ဖုန်းလိုင်းရရှိသည့်နေရာများတွင် တစ်မိနစ်နှစ်ထောင်ကျပ်ဖြင့် ဖုန်းပြောခပေးနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ၁၆ရက်မှ စတင်ကာ ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတားဖြင့် ဖုန်းလိုင်းများ လုံး၀ပြတ်တောက်ခဲ့ပြီး သတင်းအချက်အလက် သိရှိနိုင်မှုအပြင် မိသားစုဝင်များ၊ ဆွေမျိုးများ၊ မိတ်ဆွေများကို ဆက်သွယ်ရန်ပင် ခက်ခဲလျက်ရှိနေသည်။
ထိုကဲ့သို့ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက ဖုန်းလိုင်းများဖြတ်တောက်ထားသော်လည်း အချို့သောနေရာများတွင် ဖုန်းလိုင်းဆက်သွယ်လို့ရရှိနိုင်ရန် ငွေကြေးတတ်နိုင်သူများက ဆက်သွယ်ရေးတိုင်များထောင်ပြီး အဆိုပါနေရာသို့ ဖုန်းလာရောက်အသုံးပြုသူများကို တစ်မိနစ် နှစ်ထောင်ကျပ်ဖြင့် ငွေကြေးကောက်ခံနေခြင်းလည်းဖြစ်သည်။
မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက “ကျမတို့ မြို့နယ်မှာတော့ မြို့ပေါ်ကို သွားရတယ်။ အဲ့ဒီမှာ ကိုယ်ပိုင် တိုင်တွေထောင်ထားတာထင်တယ်။ တစ်မိနစ်ကို နှစ်ထောင်ကျပ်ပေးရတယ်။ ငါးမိနစ်လောက် ပြောတာနဲ့ တစ်သောင်း ပါသွားပြီ၊ တစ်သောင်းဆိုတာက ကျမတို့ မိသားစုအတွက် ဟင်း၊ ငါးဝယ်ပြီး ကောင်းကောင်း ချက်စားလို့ ရတယ်။ ဖုန်းပြောခနဲ့တောင် ဝင်ငွေတွေ အကုန်လုံးပါကုန်ပြီ ပိုက်ဆံမရှိတဲ့ကြားထဲက မလွယ်ကူဘူး” ဟု ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်းနေထိုင်နေသည့် ပြည်သူများသည် ရန်ကုန်၊ မန္တလေးနှင့် နိုင်ငံခြားသို့ သွားရောက်နေသည့် မိသားစုဝင်များကို အဆက်အသွယ်ပြုလုပ်လို့ပါက ဖုန်းလိုင်းရသည့်နေရာများကို နာရီဝက်သို့မဟုတ် နာရီနှင့်ချီ၍ ရှာဖွေရကြောင်း ဒေသခံများက ဆိုသည်။
“ ဒီမှာတော့ မြို့အပြင်က တောင်ကို သွားရတယ်။ အဲ့ဒီတောင်ထိပ်မှာ လိုင်းရတယ်။ အဲ့ဒီကနေ ဖုန်းခေါ်လို့ရတယ်။ ဒါပေမဲ့ ဟိုဘက်ကတော့ ခေါ်လို့မရဘူး ” ဟု ပေါက်တောမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခြင်းကြောင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် Kpay၊ Wavemoney နှင့် အခြားသောဝန်ဆောင်မှုလုပ်ငန်းများလည်း ရပ်နားမှုများရှိလာကာ၊ ငွေသားရှားပါးမှုနှင့်အတူ တစ်နိုင်တစ်ပိုင် ကုန်ရောင်းဝယ်ရေးလုပ်ငန်းများလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
“ ဟိုတစ်လောကဆိုရင် Kpay တစ်သိန်းကို တစ်သောင်းခွဲပေးပြီး ငွေထုတ်ရတာတွေရှိတယ်။ အခု တပ်တော်ကထုတ်ပြန်ထားတာတွေရှိတော့ တစ်သိန်းကို လေးထောင်ပဲပေး၇တယ်။ ဒါတောင်မှ ဆိုင်တွေက ဖုန်းလိုင်းမမိလို့ ရပ်လိုက်၊ ပြန်ဖွင့်လိုက်လုပ်နေရတာ ” ဟု မင်းပြားမြို့ခံ တစ်ဦးက ပြောသည်။
ထိုကဲ့သို့ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု လုပ်ငန်းများကို လုပ်ဆောင်နေသည့် ဒေသတွင်း ပရဟိတအသင်းအဖွဲ့များနှင့် အလှူရှင်များအကြား နားလည်မှု၊ ယုံကြည်မှု လွဲမှားခြင်းများဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ဆိုသည်။
“ အလှူရှင်တွေက ဖုန်းနဲ့ စကားပြောလိုက်ရမှ ယုံကြည်တာ၊ တချို့ဆို ဖုန်းပြောလို့ရမှ အလှူငွေထည့်ကြတယ်။ ကျတော်တို့အသင်းအနေနဲ့လည်း လက်ရှိမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ အခက်အခဲရှိနေလို့ လိုင်းပေါ်ကနေပဲ ဆက်သွယ်လှူဒါန်းပေးကြဖို့ တောင်းဆိုထားပါတယ်။ ကြားမှာတော့ နားလည်မှု လွဲမှားတာတွေ ရှိကြပေမဲ့ တော်လှန်ရေးကာလဆိုတော့ နားလည်မှုနဲ့ဘဲ သွားကြရတယ် ” ဟု ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ရက်မှ လက်ရှိအချိန်ထိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသူ ခြောက်သိန်းကျော်အထိရှိလာပြီး ဒေသခံများအနေဖြင့် စိတ်ကျန်းမာရေး အသိအမြင်များနှင့် စိတ်လုံခြုံမှုဆိုင်ရာ အစီအမံများကို ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ULA/HDCO က ဆိုထားသည်။
လက်ရှိအချိန်တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)က ချင်းပြည်နယ်၊ ပလက်ဝဒေသအပါအဝင် မြို့နယ်ပေါင်း ၁၅ မြို့နယ်အား အပြီးသတ်သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်တွင် လူမှုစီးပွားလည်ပတ်မှုများရှိစေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စီမံကိန်းများ နှင့် ရင်းနှီးမြုပ်နှံလိုသူများကို ဖိတ်ခေါ်ကာ အကျိုးတူပူးပေါင်းဆောင်ရန် ဖိတ်ခေါ်ကြောင်း ဒီဇင်ဘာလ ၂၉ ရက်က ထုတ်ပြန်ထားသည်။