By Jar Seng / MPA
ရခိုင်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးဖြစ်သော သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့၏ တိုက်ပွဲများကြောင့် ဒေသခံ ငါးသောင်းကျော်သည် စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးပစ္စည်းများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်မှစတင်ကာ AA သည် ဂွမြို့နယ်ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ပြီး တိုင်ကျိုး၊ ကမ်းသာယာ တို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများသည် ထမင်းတစ်နပ်ပင် စားရန်အတွက်ပင် အခက်အခဲများကြုံတွေ့နေရခြင်းလည်းဖြစ်သည်။
“တိုက်ပွဲစဖြစ်တဲ့အချိန် ထွက်ပြေးလာခဲ့တာ ရွာကနေ ကျတော်တို့မိသားစု ဘာမှ မယူလာခဲ့ရဘူး။ တခြားမိသားစုတွေလည်း ထိုနည်းလည်းကောင်းပဲ၊ ဆောင်းလည်းဝင်နေပြီ၊ ရာသီဥတုကလည်းအေးတယ်။ ထမင်းနပ်မှန်ဖို့ အတွက် အလှုရှင်တွေရဲ့ အကူညီ ရှိလာဖို့ပဲ မျှော်လင့်တယ်” ဟု တိုင်ကျိုးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ ဂွမြို့နှင့် ၁၃ မိုင်ခန့် အကွာတွင် ရှိသော ဆပ်သွား၊ သဗြုချောင်း၊ ဒယ်ဘုတ်၊ ကြွေချိုင်၊ ဇီးကုန်းကျေးရွာအနီးသို့ AAက ထိုးစစ်ဆင်နေသည့်အတွက် စစ်ဘေးရှောင်ဦးရေ ပိုမိုများပြားလာနိုင်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ဆိုသည်။
“စစ်ရေးအရှိန်ကလည်း တိုးလာလို့ တိုင်ကျိုးနဲ့ တခြားရွာတွေကနေ ထွက်ပြေးလာကြတဲ့ စစ်ရှောင်တွေရှိတယ်။ ဒီထက်လည်းများလာဖို့ ရှိတယ်။ လောလောဆယ်သူတို့အတွက် စားဖို့ သောက်ဖို့ အလှူငွေတွေရှာပြီး ကူညီလုပ်ဆောင် နေပါတယ်” ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ဂွမြို့ ဒေသခံတစ်ဦးကပြောသည်။
ယခုနှစ် ဩဂုတ်လမှစတင်ကာ စစ်ကောင်စီသည် ဂွတ်မြို့နယ်အတွင်းသို့ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားသော ကုန်စည်ပို့ဆောင်ရေးများကို ကန့်သတ်ခဲ့ခြင်းဖြစ်ပြီး လူသုံးကုန်ပစ္စည်းများလည်း ပြတ်လပ်ကာ ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လျက်ရှိသည်။
ထို့ပြင် ဂွမြို့နယ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား အားလုံးသည် စက်တင်ဘာလမှစတင်၍ ရပ်ဆိုင်းခဲ့ပြီး ဝန်ထမ်းများအားလုံးလည်း တိမ်းရှောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ဩဂုတ်လကနေ တိုက်ပွဲတွေ စဖြစ်ကတည်းက စစ်ကောင်စီက လမ်းကြောင်းတွေ စပိတ်တယ်။ အဲ့ဒီ ကတည်းက ရှိနေတဲ့ ကုန်ပစ္စည်းတွေလည်း ပြတ်လပ်လာတော့ ကုန်ဈေးနှုန်းကလည်း တက်လာတယ်။ ဆေးဝါးပစ္စည်းတွေလည်း တော်ရုံတန်ရုံနဲ့ ရှာမတွေ့တော့ဘူး။ ရှာတွေ့ရင်လည်း တစ်ထောင်တန် ဆရာခိုတစ်ဘူးကို သုံး၊ လေးထောင်ပေးဝယ်နေရတာမျိုးရှိနေတယ်” ဟု ဂွဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် သံတွဲနှင့် ဂွမြို့နယ်ကြားတွင်ရှိသည့် ကျိန္တလီမြို့ကို ဩဂုတ်လ ၁၃ ရက်တွင် AAက သိမ်းပိုက်လိုက်ပြီးနောက် ရခိုင်ပြည်နယ်၏ တောင်ဘက်အကျဆုံး မြို့ဖြစ်သော ဂွမြို့နယ်ကိုလည်း ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ဂွမြို့အတွင်း AA တပ်များ မဝင်ရောက်နိုင်စေရန်အတွက် မြို့ပြင်တွင် ခံစစ်အခိုင်အမာ ပြင်ဆင်ထားကာ ဂွမြို့အခြေစိုက် ခမရ-၅၆၂ ၊ ခမရ-၅၆၃နှင့် ကမ်းသာယာကမ်းခြေရှိ အမြှောက်တပ်တို့ကို အင်အားဖြည့်တင်းမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။
“တိုက်ပွဲတွေ ပိုပြင်းထန်လာလို့ စစ်ဘေးရှောင်ဦးရေတွေကလည်း တိုးလာပါတယ်။ ဒါတွေကို ကူညီဖို့ “ထမင်းတစ်နပ် တစ်ထောင်ကျပ်” ကမ်ပိန်းပြုလုပ်ပြီး အလှုငွေရှာနေပါတယ်၊ ကျတော်တို့အဖွဲ့သားတွေ ချိတ်ဆက်ပြီး ကြိုးစာကူညီနေပါတယ်” ဟု ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်ကြောင့် စစ်ရှောင်များရှိသည့် နေရာများကို လုံခြုံရေးအရ အမှတ်စဉ်ဖြင့်သာ သတ်မှတ်ထားပြီး စစ်ရှောင်ဒေသ ၁, ၂, ၃, ၈, ၉ တို့ကိုသာ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ကူညီပေးနိုင်သေးကြောင်း ၎င်းအဖွဲ့က ဆိုထားသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက် နေ့မှစ၍ ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန် စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ရှစ်သိန်းနီးပါးအထိရှိလာပြီး ၂၀၂၅ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ လူဦးရေ နှစ်သန်းကျော်ခန့် အငတ်ဘေးနှင့် ကြုံရနိုင်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်-UNDP က ခန့်မှန်းထားသည်။