By Jar Seng / MPA
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ထိန်းချုပ်ထားသည့် နယ်မြေများတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် စစ်ဘေးရှောင်များသည် နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တကျော့ပြန် ဖြစ်ပွားလာသော စစ်ရေးပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသူများမှာ ခြောက်သိန်းကျော်အထိ များပြားလာခဲ့ပြီး ယင်းစစ်ဘေးရှောင်များသည် ULA/AA ထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေများတွင် ခိုလှုံနေထိုင်လျက်ရှိသည်။
“ကျမတို့ ရွာနားတစ်ဝိုက်မှာ တပ်တော်(AA)က သုံးနှစ်ကျော် စခန်းချနေထိုင်ခဲ့တဲ့အတွက် မြေမြှုပ်မိုင်းတွေရှိနေနိုင်ပါတယ်။ ရွာပြန်ရင်လည်း တော၊ တောင်ကို အဓိက မှီခို လုပ်ကိုင်စားသောက်ကြရတာဖြစ်လို့ တောင်တွေမှာ မြေမြှုပ်မိုင်း လက်ကျန်တွေရှိနေနိုင်လို့ မပြန်ရဲသေးဘူး” ဟု ကျောက်တော်မြို့နယ်၊ မီးဝဒေသမှ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ် နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားပြီး စစ်ရေးအရှိန်မြှင့်လာမှုနှင့်အတူ အခြားတစ်ဖက်တွင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းအပါအဝင် ကုန်စည်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်ထားခြင်းကြောင့် ရခိုင်ပြည်သူများ အကျပ်အတည်းများစွာဖြင့် ရင်ဆိုင်နေရသည်။
ထို့ပြင် AA ထိန်းချုပ်ထားသည့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ သံတွဲ နှင့် ရမ်းဗြဲမြို့နယ်များတွင် အုပ်ချုပ်ရေးယန္တရားများ အကောင်အထည်ဖော်ကာ အုပ်ချုပ်လျက်ရှိသော်လည်း ယင်းမြို့နယ်များအတွင်းရှိ စစ်ဘေးရှောင်အများစုသည် နေရပ်သို့ ပြန်နိုင်ခြင်းမရှိကြသေးပေ။
အဆိုပါလွတ်မြောက်နယ်မြေများအနက် ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်များသည် ဇာတိနေရပ်သို့ ပြန်လိုသော်လည်း AA သုံးနှစ်ကျော် စခန်းချခဲ့သည့် နေရာဖြစ်သဖြင့် ယင်းပတ်ဝန်းကျင်နေရာျားတွင် မြေမြှုပ်မိုင်းများရှိနေ မည်ကို စိုးရိမ်ခြင်းကြောင့် ဒေသခံများ နေရပ်ပြန်ရင် စိုးရိမ်မှုများရှိနေခြင်းလည်းဖြစ်သည်။
AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများတွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်ကျန် လက်နက်မျာစွာရှိနေသည့်အပြင် အဆိုပါ ပစ္စည်းများပေါက်ကွဲမှုကြောင့် မသန်စွမ်းများ တိုးလာကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် တိုက်ပွဲနောက်ဆက်တွဲ အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများသည် ပညာရေး၊ ကျန်းမာရေး၊ ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်မှုနှင့် အလုပ်အကိုင်ရှားပါးမှုများကိုပါ ရင်ဆိုင်နေရသည်။
ထို့ပြင် ၂၀၂၄ခုနှစ်၊ ဇွန်လက တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသ၊ ငှက်ပျော့ချောင်းကျေးရွာမှ အသက် ၄၉နှစ်အရွယ် ဒေါ်အေးမြသည် တောအတွင်း မျှစ်သွားခူးရာမှ မြေမြှုပ်မိုင်းနင်းမိပြီး ဘတ်ခြေထောက်ပြတ်သွားခဲ့သဖြင့် စစ်ဘေးရှောင်များသည် ယင်းကဲ့သို့ ထပ်မံဖြစ်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“ရွာမှာက ကလေးတွေကို စာပြပေးမဲ့သူလည်းမရှိ၊ ကျန်းမာရေးနဲ့ ပတ်သက်လို့ သိတဲ့ ဆရာမတွေလည်းမရှိ၊ ရွာရောက်ရင် လုပ်စရာအလုပ်ကလည်း ဘာဆိုဘာမှ မရှိဖြစ်နေပါတယ်။ ရွာအနားက တောင်တွေမှာ မိုင်းတွေရှိနိုင်ပါတယ်။ ဒါကြောင့် မပြန်ရဲသေးတာပါ” ဟု ယိုးချောင်းဒေသမှ စစ်ရှောင်လာသူတစ်ဦးက ပြောသည်။
ထို့ပြင် ရသေ့တောင်မြို့နယ်တွင် ဇွန်လ တတိယအပတ်က မညင်းတောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးသည် နေအိမ်ခြံဝန်းအတွင်း ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးရန် မြေတူးဆွစဉ် မိုင်းပေါက်ကွဲ၍ ခြေထောက် တစ်ဖက် ပြတ်တောက်သွားခဲ့ရသည်။
သို့သော် AA ထိန်းချုပ်နိုင်ခဲ့သည့် မြို့နယ်များတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များ ကျန်ရှိသေးသော်လည်း အချို့သော စစ်ရှောင်များသည် နေရပ်ပြန်နေထိုင်သူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ကျတော်တို့က အခု စစ်ရှောင်စခန်းမှာ မနေတော့ပါဘူး။ ရွာကို ပြန်ပြီးနေထိုင်နေကြပါပြီ၊ ဒါပေမဲ့ တချို့ စစ်ရှောင်တွေ သူတို့ရဲ့ ရွာနားမှာ မြေမြှုပ်မိုင်းတွေရှိလို့ ကြောက်လို့ မပြန်ကြသေးဘူး” ဟု မြောက်ဦးမြို့နယ်၊ တိန်ညိုစစ်ရှောင်စခန်းတွင် နေထိုင်ခဲ့သူတစ်ဦးက ပြောသည်။
လက်ရှိ AA အနေဖြင့် အမ်းမြို့နယ်နှင့် မောင်တောမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ဘေးရှောင်ဦးရေတိုးလာခြင်းကြောင့် ၎င်းတို့ကို ကူညီနိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကို အကူအညီများတောင်းခံထားသည်။