By Nway / MPA
စစ်ကောင်စီနှင့် ARSA ၊ RSO၊ ARA အစွန်းရောက်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့တို့ ပူးတွဲစစ်ရေးလှုပ်ရှားကာ ရက္ခိုင့်တပ်တော် AA ကို လာရောက်တိုက်ခိုက်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် စစ်ကောင်စီ၏ နခခ ငါး စခန်းတစ်ခုသာ ကျန်ရှိသော်လည်း မောင်တော နှင့် ဘူးသီးတောင်မြို့များရှိ AA လက်လှမ်းမမီသေးသော နေရာအချို့နှင့် တောထူထပ် သော တောင်တန်းများထဲတွင် ARSA၊ RSOနှင့် ARA အစွန်းရောက် အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲဝင်များသည် တပ်စခန်းတည်ဆောက်ကာ ခိုအောင်းလျက်ရှိကြောင်း ARSA၊ RSO၊ ARA လက်နက်ကိုင်တပ်ဖွဲ့များကို စစ်ကောင်စီက စစ်သင်တန်းပေးနေပြီး လက်နက်တပ်ဆင်ပေးထား ကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။
“ကိုယ်တိုင်ကိုက အကြမ်းဖက်နေတဲ့ စစ်ကောင်စီအတွက် အစွန်းရောက်အကြမ်းဖက်တွေနဲ့ ပေါင်းပြီး ပြန်တိုက်ခိုက်နေတာ အရင်ကတည်းက မျှော်လင့်ပြီးသားမို့ သိပ်တော့လည်း မထူးဆန်းပါဘူး။မင်း အောင်လှိုင်ရဲ့မူဝါဒကိုက မလုပ်ရဲတာ ဘာမှမရှိဘူးမဟုတ်လား။ရခိုင်ပြည်နယ်မှာ စစ်ကောင်စီကင်း စင်သွားရင်တောင် အစွန်းရောက်အကြမ်းဖက်တွေ ချန်ထားနိုင်ဖို့ စစ်ကောင်စီက ရည်မှန်းထားပုံပဲ” ဟု ရခိုင်အမျိုးသား စာရေးဆရာတစ်ဦးက MPAသို့ ပြောသည်။
AAနှင့် ARSA အစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်များသည် ဘူးသီးတောင်မြိုနယ်၊ ခရုချောင်း (မူဆလင်) ကျေးရွာ၏ အနောက်မြောက်ဘက် တောင်တန်းတွင် အောက်တိုဘာ၁၉ ရက်က စတင်ထိ တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ ပတ်ဝန်းကျင်များ၌ ထိတွေ့တိုက်ပွဲ ငါးကြိမ်ဖြစ်ပွားခဲ့ရာ ARSA အခိုင်အမာစခန်းချနေထိုင်ခဲ့သော နေရာ လေးနေရာ၊ စစ်ကောင်စီ တပ်ဆင်ပေးထားသော လက်နက်ခဲယမ်းများနှင့် ARSA တပ်ဖွဲ့ဝင်တို့၏ အလောင်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း AAက ထုတ် ပြန်ထားသည်။
ယင်းအကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ် ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် ငွေညှစ်ခြင်းတို့ ဆက်တိုက် ကျူးလွန်နေကြောင်း သိရသည်။
စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲများမှာ မောင်တော၊ အမ်း၊ ကျိန္တလီမြို့ပတ်ဝန်းကျင်တွင် နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး တောင်ကုတ်မြိုပတ်ဝန်းကျင်၌လည်း တိုက်ပွဲများ ရံဖန်ရံခါဖြစ်ပွားလျက်ရှိကြောင်း AA က သတင်းထုတ်ပြန်ထားသည်။




