By Jar Seng / MPA
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် ထမင်းပင်နပ်မှန်အောင်မစားရသည့်အပြင် ဆောင်းတွင်းသို့ ရောက်ရှိလာပြီဖြစ်သဖြင့် အနွေးထည်နှင့် စောင်များပါ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့်သူများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာမှ စတင်ကာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းဒေသခံများသည် အိုးအိမ်စွန့်ခွာထွက်ပြေးလာရပြီး နေရေး၊ စားရေးအခက်အခဲများကို ရင်ဆိုင်နေရသည့်အပြင် အအေးဒဏ်ကို အံတုနိုင်ရန်အတွက် အနွေးထည်နှင့် စောင်များလိုအပ်နေခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံး ဥက္ကဋ္ဌ ကိုပြည့်ဖြိုးနိုင်က ပြောသည်။
“စစ်ဘေးရှောင်အများစုက သူတို့ ထွက်ပြေးလာတဲ့အချိန် အဝတ်တစ်ထည် ကိုယ်တစ်ခုလွဲပြီး ကျန်တာဘာမှ ပါမလာကြဘူး။ အခုက မိုးအကုန် ဆောင်းအကူး ဖြစ်နေပြီလို့ ပြောလို့ရတယ်။ ပုဏ္ဏားကျွန်းက တစ်ခြားမြို့နယ်တွေထက်စာရင် ပိုအေးတယ်။ စစ်ဘေးရှောင်အများစုက စားဝတ်နေရေးအတွက် ရုန်းကန်နေကြရလို့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး ဝယ်ဖို့ မတတ်နိုင်ကြဘူး။ တစ်ချို့ဆို စောင်မပါဘဲ အိပ်ကြရတယ်။ ဒါကြောင့် ကျတော်တို့ အနေနဲ့ စစ်ဘေးရှောင်အကုန်လုံးမဟုတ်ရင်တောင် အလှုရှင်တွေဆီက ရတဲ့ငွေနဲ့ တတ်နိုင်သလောက် ကူညီပံ့ပိုးဖို့အတွက် စီစဉ်နေပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်ဘေးရှောင် ခြောက်သောင်းဝန်းကျင်ထိရှိကာ ထက်ဝက်ခန့်သည့် အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ပြေးလာရသည့်အတွက် အနွေးထည်နှင့် စောင်များဝယ်ယူရန် ငွေကြေးမတတ်နိုင်ကြကြောင်း စစ်ဘေးရှောင်များကိုကူညီပေးနေသူများက ဆိုသည်။
“ ရေတပ်ကနေ လက်နက်ကြီးနဲ့ စပစ်တဲ့အချိန် ကျမတို့မှာ အင်္ကျီ၊ ခါးဝတ်တစ်ထည်နဲ့ ထွက်ပြေးလာရတာ၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း ဘာဆိုဘာမှ ပါမလာကြဘူး။ မုဆိုးမတစ်ယောက်အနေနဲ့ စားဖို့သောက်ဖို့တောင် မနည်း ရုန်းကန်နေရတယ်။ အခုလည်း ခြင်ထောင်မပါဘဲ အိပ်နေရတာ၊ အလုပ်အကိုင်လည်းမရှိတော့ စားဖို့သောက်ဖို့အတွက်ပဲ အဓိက ပူပန်နေရတယ် “ စစ်တွေမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် အာရက္ခတပ်တော်(AA) က ရခိုင်ပြည်နယ်တစ်ခုလုံး ထိန်းချုပ်နိုင်ရန်အတွက် ထိုးစစ်များပြုလုပ်နေချိန် စစ်ရေးပဋိပက္ခအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးလာရသည့် စစ်ဘေးရှောင်များသည် ရုပ်ဆိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့နေမှုအပြင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကိုပါ မကြာခဏ ရင်ဆိုင်နေရသည်။
အလားတူ စစ်ဘေးရှောင်များသည် အသက်အိုးအိမ်မလုံခြုံမှုအပြင် ကျန်းမာရေးချို့တဲ့မှုများကြောင့် စားဝတ်နေရေး ဖြေရှင်းနိုင်ရန် ကြုံရာကျပန်းအလုပ်များလုပ်ကိုင်နေသော်လည်း ထမင်းနပ်မှန်မှုပင်မရှိကြောင်း သိရသည်။
“ကျတော်တို့ ပုဏ္ဏားကျွန်းတစ်ဝိုက်မှာ ထမင်းနပ်မှန်အောင်မစားနိုင်တဲ့သူတွေ အများကြီးရှိပါတယ်။ ULA၊ တခြားဒေသခံအဖွဲ့အစည်းတွေနဲ့ အတူ ကျတော်တို့ လူငယ်အစည်းအရုံးတွေ ပူးပေါင်းပြီး ဆန်တွေ၊ ဆီတွေ တတ်နိုင်သလောက်ကူညီလှူဒါန်းနေပေမဲ့ စစ်ဘေးရှောင်များနေလို့ မလုံမလောက်ဖြစ်နေပါတယ်။” ဟု ကိုပြည့်ဖြိုးနိုင်က ရှင်းပြသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ သံတွဲ နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်ကြပြီး စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်နှင့် အခြားသောလုံခြုံရေးအခြေအနေများကြောင့် လက်ရှိအချိန်ထိ မြို့ထဲသို့ ပြောင်းရွေ့နေထိုင်ခွင့်မရသေးပေ။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်၍ စစ်ကောင်စီသည် ရခိုင်ပြည်နယ်အား ကုန်းလမ်း၊ ရေလမ်းအပါအဝင် ကုန်စည်ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်လိုက်ပြီးနောက် ရခိုင်ပြည်သူများမှာ ကုန်ဈေးနှုန်းအဆမတန်မြင့်မားမှု၊ အလုပ်အကိုင်ရှားပါးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆုံးရှုံခဲ့ရသည်။
လက်ရှိ AA အနေဖြင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ သံတွဲမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များကို ထိန်းချုပ်ထားနိုင်သော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ခြောက်သိန်းဝန်းကျင်ထိရှိလာပြီဖြစ်သည်ဟု လူမှုကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ထိုကဲ့သို့ စစ်ဘေးရှောင်များကို လူသားချင်စာနာထောက်ပံ့မှုများပြုလုပ်ပေးရန် ULA/AA က အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများကို ဖိတ်ခေါ်မှုများ ပြုလုပ်ထားသည်။



