By Nway / MPA
ဘင်္ဂလားပင်လယ်အော်ထဲတွင် ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့၏ဓားပြတိုက် ဖမ်းဆီးခြင်းခံထားရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ၁၆ဦးကို ကယ်တင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။
အောက်တိုဘာခုနှစ်ရက်၊ နံနက် ၆နာရီခွဲခန့်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကျောက်ပန္ဒူကမ်း ခြေအနီး၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ၁၆ဦးကို ကယ်တင် ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ၁၄ရက်၊ ညနေ ခြောက်နာရီကျော်၌ ယင်းရေလုပ်သားများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ Shaporir ဆိပ်ကမ်း၌ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များထံသို့ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
“အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းတစ်ရပ်တည်ဆောက်နိုင်ဖို့အတွက် အခြေခံ အုတ်သားတစ်ချပ်ကို AA က တည်ဆောက်လိုက်တာပါပဲ။ AAရဲ့ ထက်မြက်တဲ့နိုင်ငံရေးအမြင်လို့ပဲ ပြောရပါမယ်” ဟု ရခိုင်လူမျိုး စာရေးဆရာတစ်ဦးက ဆိုသည်။
ယင်းရေလုပ်သားများ ပါဝင်သော မော်တော်ဘုတ်တစ်စီးကို ဟာမာအူလာစ် ဆိုသူက ဦးဆောင်ကာ စက်တင်ဘာလ ၂၈ ရက်၊ နံနက် ကိုး နာရီခန့်တွင် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ငါးရှာရန် ထွက် လာခဲ့ကြခြင်းဖြစ်ပြီး အောက်တိုဘာလေးရက်၊ ညနေ ခြောက်နာရီခန့်၌ အမည်မသိလက်နက်ကိုင် ဘင်္ဂါလီ ၆၀ခန့်ပါဝင်သော ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့၏ ဓားပြတိုက်ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း AA ကထုတ်ပြန်သည်။
ပင်လယ်ဓားပြအဖွဲ့သည် ၎င်းတို့၏ မော်တော်ဘုတ် သုံးစင်းဖြင့် ရေလုပ်သားများ၏ လှေကို ပိတ်ဆို့လိုက်ပြီး ရေလုပ်သားများအား သေနတ်ဒင်နှင့် တုတ်များဖြင့် ရိုက်နှက်ကာ ပါလာသော ပစ္စည်းအားလုံးကို ယူဆောင်သွားကြောင်း ယင်းရေလုပ်သားများကို မော်တော်ဘုတ်၏ ဝမ်းဗိုက်အတွင်း အစားအစာနှင့် ရေ မတိုက်ကျွေးဘဲ နှစ်ရက်ခန့် ပိတ်လှောင်ထားခဲ့ကြောင်း သိရသည်။
ပင်လယ်ဓားပြ များက မောင်တောမြို့၊ ကျောက်ပန္ဒူကမ်းခြေအနီး၌ ကမ်းတင်ရန်စီစဉ်ထားခဲ့စဉ် ကယ်တင်ခဲ့ခြင်းဖြစ်ပြီး ပင်လယ်ဓားပြများ၏ ရိုက်နှက်မှုများကြောင့် ဒဏ်ရာရလာသူများကို ဆေးကုသမှုပေးကာ ကောင်းမွန်စွာ စောင့်ရှောက်ပေးခဲ့ကြောင်း AA ကဆိုသည်။