By Jar Seng / MPA
UlA/AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ လူနေအိမ်များ ဖောက်ထွင်းခံရမှု ပိုမို များပြားလာနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၃ခုနှစ်မှစတင်ကာ ရခိုင်ပြည်နယ်တွင် AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် ကုန်စျေးနှုန်းအဆမတန်မြင့်မားမှု၊ စားဝတ်နေရေးကျပ်တည်းမှုများကြောင့် အုပ်စုဖွဲ့ခိုးယူခြင်း၊ လုယက်မှုနှင့် နေအိမ်ဖောက်ထွင်းမှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း မြောက်ဦးမြို့ဒေသခံများက ဆိုသည်။
” စက်တင်ဘာ ၃၀ရက် ည နှစ်နာရီလောက်ရှိမယ်။ လူသုံးယောက်လောက်က ခြံစည်းရိုးကျော်ပြီး ခြံထဲကိုဝင်သွားတာ၊ ကျတော်လည်း ကိစ္စတစ်ခုနဲ့ ကျောက်တော်ကို ရောက်နေတာ၊ ပြန်ရောက်တဲ့အချိန် ဆိုင်ကယ်၊ စက်ဘီး၊ ဆန်အိတ်တွေနဲ့ အခြား အိမ်အသုံးအဆောင်ပစ္စည်းတွေ မရှိတော့ဘူး။ အိမ်မှာက အမျိုးသမီးနဲ့ ကလေးတွေပဲကျန်ခဲ့တာ ” ဟု မြောက်ဦးမြို့နယ်၊ ဗန္ဓုလရပ်ကွက်တွင် နေထိုင်သည့် ဦးကျော်မြအောင်က ပြောသည်။
အလားတူ မြို့သစ်ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် စက်တင်ဘာ ၂၉ရက်က ဒေသခံများ ဖုန်း နှင့် ဘက်ထရီမီးလုံးများ အားသွင်းနိုင်ရန် တပ်ဆင်ထားသည့် ဆိုလာပြား၊ ဘက်ထရီအိုး၊ အင်ဗာတာများနှင့် အိုးခွက်ပန်းကန်များ အခိုးခံခဲ့ရကြောင့် သင်းအုပ်ဆရာ ဦးယောရှုက ပြောသည်။
“ဒီမှာ လျှပ်စစ်မီးမရတော့ ဖုန်းအားသွင်းဖို့ ရပ်ကွက်ကလူတွေ တအားအခက်အခဲဖြစ်နေကြတာ၊ အဲ့ဒါ တစ်ဖက်တစ်လမ်းကနေ အဆင်ပြေအောင် အလှူရှင်တစ်ဦးက ဆိုလာ၊ ဘက်ထရီအိုး၊ အင်ဗာတာတွေ၊ ပလက်ပေါက်တွေ လှုဒါန်းပေးထားတာ၊ အဲ့ဒါတွေရော အိုးခွက်ပန်းကန်တွေရော ယူသွားတယ်” ဟု ဦးယောရှုက ပြောသည်။
ထို့ပြင် မြောက်ဦးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ထမ္မရာဇ်၊ လက်ကောက်ဈေး၊ ဘုရားပေါ်၊ လောကမူ၊ ညောင်ပင်ဈေး၊ အလယ်ဈေး၊ ကြက်ဈေး၊ ဆင်ချဆိပ်၊ ကံလှ နှင့် တောင်ရပ် ရပ်ကွက်များရှိ လူနေအိမ်များတွင်လည်း ပစ္စည်း ခိုးယူခံရမှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။
“ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ရက်နေ့ကဖြစ်မယ်။ အိမ်က ယိုးဒယား ဆိုင်ကယ်(HONDA) တစ်စီးပါသွားတယ်လေ ” ဟု မြောက်ဦးမြို့ ကုန်သည်တန်း ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ခိုးမှုများ၊ နေအိမ်ဖောက်ထွင်းမှုများနှင့် လုယက်မှုများ ပေါများလာခြင်းသည် အလုပ်အကိုင်ရှားပါးမှုနှင့် ငွေကြေးကျပ်တည်းမှုများကြောင့် စားသောက်ရန်အတွက် ကြံမရသည့်အဆုံး အဆိုပါ လုပ်ရပ်များကို ကျူးလွန်လာခြင်းဖြစ်သည်ဟု လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
“ဒီမှာက အလုပ်အကိုင်တွေလည်းရှား၊ ကုန်ဈေးနှုန်းကလည်း အရင်ကထက်တက်နေတယ်၊ လုပ်နေရတဲ့ အလုပ်တွေကလည်း ဝင်ငွေနဲ့ ထွက်ငွေမကိုက်တော့ လူတွေက အလွယ်တကူ ရတဲ့လမ်းကို လိုက်နေကြတာ” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း AA သိမ်းပိုက်ထားသည့် မြို့နယ်များ၌ ခိုးမှု၊ လုယက်မှု၊ ဓားမြတိုက်မှု နှင့် အခြားသော ဒုစရိုက်လုပ်ငန်းများ လျော့နည်း ပပျောက်စေရေးအတွက် ULA/AAက ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DELPS) ကို ဖွဲ့စည်းပြီး စက်တင်ဘာလပထမအပတ်မှ စတင်၍ ကင်းလှည့်လည်ကာ လုံခြုံရေး တိုးမြှင့်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
“ခိုးမှု၊ လုယက်မှုတွေ များလာတဲ့အတွက် ညနေပိုင်းမှာ ULA/AA ကနေ ဒီလိုမျိုး လုံခြုံရေးတိုးမြှင့် လုပ်ဆောင်ပေးတာတွေအတွက် ပြည်သူတစ်ဦးအနေနဲ့ ဝမ်းသာပါတယ်။ ဒါပေမဲ့ ခိုးယူသူတွေကို ထိရောက်စွာ အရေးယူပေးဖို့လည်း တောင်းဆိုပါတယ်” ဟု မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။
၂၀၁၉ ခုနှစ်၊ ဧပြီလတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် မြို့နယ်အလိုက်ခန့်မှန်းလူဦးရေစာရင်းအရ မြောက်ဦးမြို့နယ်တွင် ၂၁၉, ၅၀၉ ဦးရှိပြီး၊ ရခိုင်၊ ချင်း၊ မြို(ခမိ)၊ သက်၊ မရမာကြီး နှင့် ရိုဟင်ဂျာ (မွတ်စလင်မ်) နေထိုင်ကြသည်။
လက်ရှိ AA က ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ သံတွဲ၊ ရမ်းဗြဲ နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်များ သိမ်းပိုက်ထိန်းချုပ်ထားပြီး၊ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တကျော့ပြန် ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ခြောက်သိန်း ဝန်းကျင်အထိ ရှိလာသည့်အပြင် စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုများကြောင့် ဒေသခံပြည်သူများမှာ နေ့စဉ်လူမှုဘဝရပ်တည်ရေးအတွက် အကျပ်အတည်းမျိုးစုံဖြင့် ရင်ဆိုင်ရလျက်ရှိသည်။