By Ra Wai / MPA
အာဏာကို အလွဲသုံးစားပြီး ပြည်သူ့စည်းစိမ်ဥစ္စာ ရယူနေသောရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးပိုင်းက အကျင့်ပျက်ဝန်ထမ်းများကို ထိရောက်စွာ အရေးယူသွားမည်ဟု AA က သတင်း ထုတ်ပြန်သည်။
ရက္ခိုင့်တပ်တော်သည် တိုက်ပွဲများအတွင်း လိုက်နာကျင့်သုံးရမည့် စစ်သည်တော်ကျင့်ဝတ်များ နှင့် ပြည်သူ့အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရမည့် ဝတ္တရားများအား တိကျစွာ ပြဋ္ဌာန်းထားပြီး လိုက်နာကျင့်သုံးကြရန် အဆင့်ဆင့်ညွှန်ကြားထားပြီးဖြစ်ကြောင်း စက်တင်ဘာ ၁၃ရက်၊သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“အရေးယူမယ်လို့ အခုထုတ်ပြန်ထားပေမဲ့ ကျတော်တို့သိသလောက် အကျင့်ပျက်တဲ့ ကိုယ့်လူကိုယ် အရေးယူမှုတွေ တောက်လျှောက်ရှိတယ်။ အခုလို တော်လှန်ရေးကာလမှာ အကျင့်ပျက်တဲ့ ကိုယ့်လူ ကိုယ် ပိပိပြားပြားဖြစ်အောင် အရေးယူထားမှ တော်ကာကျမယ်။အခုလို အရေးယူမှုတွေကို အစဉ်အလာတစ်ရပ်ပုံစံမျိုးဖြစ်အောင် ပျိုးထောင်ရမယ်” ဟု ရခိုင်လူမျိုး စာပေလောကသား တစ်ဦးက MPAသို့ပြောသည်။
ပြည်သူများ စစ်ရှောင်ကြရာတွင် ရွှေ့ပြောင်းသယ်ယူရန် အဆင်မပြေသော ထုထည်ကြီးပစ္စည်း များနှင့် လုံခြုံရေးအရ မယူဆောင်ဘဲ အိမ်တွင်း၌ ဝှက်ထားခဲ့သည့် ရွှေ၊ငွေ တို့ တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရသည်သာမက ပျောက်ဆုံးမှုများရှိသည်ဟု ကာယကံရှင်များ၏ တိုင်တန်းချက် နှင့် AA ထောက်လှမ်းရေးအဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ သိရှိရကြောင်း AA အနေနှင့် ခိုးမှုကျူးလွန် ကြောင်း ထင်ရှားသူများကို အရေးယူပြီးဖြစ်သလို ခိုးယူထားသောပစ္စည်းများအား ပြန်လည်သိမ်း ဆည်းရမိပါက ပိုင်ရှင်အစစ်အမှန်များ ထံသို့ ပေးအပ်ထားခဲ့ပြီးဖြစ်ကာ မပြီးပြတ်သေးသော ပျောက် ဆုံးမှုများကို ဆက်လက် စစ်ဆေးနေဆဲဖြစ် ကြောင်း AAက ထုတ်ပြန်ထားသည်။
ကျိန္တလီမြို့၊ အမှတ် နှစ်ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဘုရားကျောင်းပိုင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာပစ္စည်းတို့အား အသင်းသားများက ဝှက်ထားခဲ့သည်ကို AAတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေပြီး တွေ့ရှိသောကြောင့် အဆိုပါ ပစ္စည်းများအားလုံးအား ကာယကံရှင်များလက်ထဲသို့ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ပြီး ဖြစ်ကြောင်း လည်း ဆိုသည်။
ပြည်သူများအနေဖြင့် အိမ်တွင်း၌ ဝှက်ထားခဲ့သော ပစ္စည်းများကို ပြန်မတွေ့ပါက သက်ဆိုင်ရာ နယ် မြေအုပ်ချုပ်ရေးမှူးများထံ သတင်းပို့ကြရန်လည်း AA က တိုက်တွန်းထားသည်။