By Jar Seng / MPA
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူများသည် စားဝတ်နေရေးကျပ်တည်းကာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ်နေပြီး သေကြောင်းကြံမှုများပင်ရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ရက်မှစတင်ကာ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကို အကြောင်းပြကာ စစ်ကောင်စီသည် ရခိုင်ပြည်နယ်နှင့် ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးကို ပိတ်ထားသည့်အတွက် ရခိုင်ပြည်နယ်တွင် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်မားလျက်ရှိသည်။
ထို့ပြင် စစ်ကောင်စီသည် ၎င်းတို့ ဆုံးရှုံးခဲ့သည့် နေရာများကို လေကြောင်း အသုံးပြုတိုက်ခိုက်ခြင်း၊ ရေကြောင်းမှ လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်နေခြင်းကြောင့် ပြည်သူများ၏ နေအိမ်များ ပျက်စီးမှုအပြင် ဒေသခံများ သေဆုံးမှုများ နေ့စဉ်နီးပါးဖြစ်ပေါ်လျက်ရှိသည်။
“ ကျတော်တို့ ပြည်သူတွေက သဘာ၀ဘေးနဲ့ စစ်ဘေးဒဏ်ကို အလူးအလဲခံစားရတယ်။ ရေကြီးတယ်။ စပါးပင်တွေ၊ ပျိုးပင်တွေဆုံးရှုံးကုန်တယ်။ ဟိုတစ်လောက လေယာဉ်နဲ့ ဗုံးကြဲလို့ လူခြောက်ဦးသေခဲ့တယ်။ အဘက်ဘက်က ကျပ်တည်းနေတော့ လူဖြစ်ရတာ မွန်းကျပ်လာတယ်” ဟု မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သည် ပေါက်တောမြို့နှင့် စစ်တွေမြို့တို့တွင် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏပြုလုပ်နေပြီး ဩဂုတ် ၁၀ရက်တွင်လည်း စစ်ကောင်စီက အရပ်သားများနေထိုင်နေသည့် မြောက်ဦးမြို့ပေါ် ရပ်ကွက်များသို့ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ခြောက်ဦးသေဆုံးကာ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
ထိုကဲ့သို့ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်တက်ခဲ့သည်အပြင် ငွေသားရှားပါးလာပြီး ငွေလွှဲငွေထုတ်ခများကို အဆမတန် ယူဆောင်နေခြင်းကြောင့် ရခိုင့်တပ်တော်(AA) က ဝန်ဆောင်ခကို ငါးရာခိုင်နှုန်းထားယူရမည်ဟု သတ်မှတ်ခဲ့သော်လည်း အချို့သောဆိုင်များသည် ဝန်ဆောင်ခ ၁၂ရာခိုင်နှုန်းထိ ယူသဖြင့် ပြည်သူများ ပိုမိုဒုက္ခရောက်နေရခြင်းဖြစ်သည်။
“ ကျတော်တို့ နယ်မှာတော့ စစ်ပွဲတွေ မရှိတော့ဘူး။ ဒါပေမဲ့ စားဝတ်နေရေးနဲ့ ပတ်သက်ရင် ရုန်းကန်နေကြရတယ်။ တစ်နေ့စားဖို့ တစ်နေ့လုပ်တာတောင် အလျင်မမီဘူး။ အထူးသဖြင့် စစ်ဘေးရှောင်တွေ ပိုခက်ခဲကြတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုလဲမရှိတော့ဘူး။ အလုပ်အကိုင်လည်း ရှားပါးတော့ စိတ်ထိခိုက်ရတယ်” ဟု ပုဏ္ဍားကျွန်းမြို့နယ်မှ အသက် ၃၀အရွယ် ဒေသခံတစ်ဦးက ပြောသည်။
AA၏ ဖော်ပြချက်အရ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူ ခြောက်သိန်းနီးပါးအထိရှိလာပြီး ၎င်းတို့ စားဝတ်နေ ရေး၊ လုံခြုံမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှုများအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ လိုအပ်နေသည်ဟု ဆိုထားသည်။
အာရက္ခတပ်တော် (ULA/AA) ၏ ဖော်ပြချက်အရ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၆ သိန်းနီးပါးအထိရှိလာပြီး ၎င်းတို့မှာ စားဝတ်နေရေး၊ လုံခြုံမှု နှင့် စိတ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှုများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု အကူညီအညီများ လိုအပ်နေကြသည်။
ပြီးခဲ့သည့် လများအတွင်း မြောက်ဦးမြို့နယ်၊ ညောင်ပင်လယ်ကျေးရွာမှ အသက် ၂၅နှစ်အရွယ်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသည် စားဝတ်နေရေး ကျပ်တည်းမှုကြောင့် အဆိပ်သောက်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ပြုလုပ်ခဲ့သည့်အပြင် မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းအုပ်စု၊ အလယ်ကျွန်းကျေးရွာမှ အသက် ၅၀ အရွယ် အမျိုးတစ်ဦးသည် လည်း စားဝတ်နေရေးကျပ်တည်းမှုကြောင် ရေထဲခုန်ချကာ အဆုံးစီရင်မှု ပြုလုပ်ခဲ့သည်။
အထက်ပါဖြစ်စဉ်များကို ကြည့်ပါက ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူများသည် အသက်ရှင်သန်ရေးအတွက် အခက်အခဲများကို ကျော်လွှားနိုင်ခြင်းမရှိသောကြောင့် ဘ၀လွတ်မြောက်ရေးအတွက် အဆုံးစီရင်သည့် နည်းလမ်းများကို ရွေးချယ်လာခြင်းဖြစ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ထောက်ပြထားသည်။
ဇူလိုင်လကုန်ပိုင်းတွင်လည်း ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ စစ်ဘေးကိုရင်ဆိုင်နေရသည့် လယ်သမားများသည် စပါးပင်၊ ပျိုးပင်များ ပျက်စီးမှုကို ကြုံတွေ့ခဲ့ရသေးသည်။
“လယ်သမားအများစုက မိသားစုကို ဦးဆောင်တာဝန်ယူပေးတဲ့သူတွေလေ၊ အလုပ်အကိုင် အဆင်မပြေတော့ လယ်သမားတွေက ထုတ်မပြောပေမဲ့ စိတ်ထိခိုက်ကြတယ်။ ကျတော်တို့လည်း စိတ်ဓာတ် တော်တော်ကျနေတယ်။ အလုပ်တွေ မလုပ်ချင် မကိုင်ချင်တော့ဘူး” ဟု ကျောက်တော်မြို့နယ်မှ အသက် ၂၆နှစ်အရွယ် လူမှုကူညီရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။
လက်ရှိတွင် AA အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အများစုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ကျန်ရှိနေသည့် မြို့များကို ဆက်လက်ထိုးစစ်ဆင်မှုများပြုလုပ်နေသလို တစ်ဖက်တွင်လည်း စစ်ဘေးရှောင်ပြည်သူများကို ၎င်းတို့ တတ်နိုင်သလောက် ကူညီပံ့ပိုးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။
ထို့ပြင် AA အနေဖြင့် စစ်ဘေးရှောင်များကို ကူညီနိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ဆေးဝါးနှင့် အခြားသော အကူအညီများကို တောင်းခံထားသည်။