By Nway / MPA
ရခိုင်ပြည်နယ် အခြေစိုက် Development Media Group ( DMG ) သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီလက်အောက်ခံ စစ်တွေမြို့နယ်တ ရားရုံးက ဇွန်လ ၂၈ ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခဲ့ ကြောင်း သိရသည်။
သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့မှာ ဖမ်းဆီးခံရပြီး ရှစ် လအကြာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ – ၅၂(က) ဖြင့် အလုပ်နှင့် ထောင်ဒဏ်ငါး နှစ်စီ ချမှတ်ခဲ့ ခြင်း ဖြစ်ကြောင်း DMG သတင်းဌာနက ထုတ်ပြန်ထားသည်။
“ သတင်းသမားကတော့ သတင်းရေးမှာပဲ။ နေ့စဉ်အဖြစ်အပျက်တွေကို အများသိအောင် ချပြရမယ့် တာဝန်ရှိတယ်။ ဒါကိုနားမလည်ဘဲ သတင်းသမားတွေကို ပစ်မှတ်ထားဖမ်းဆီးတာ၊ ဥပဒေကို လိုသလိုဆွဲသုံးပြီးတော့ အကြမ်းဖက်ပုဒ်မတွေတပ်၊ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာက ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး” ဟု DMG သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံက MPA သို့ ပြောသည်။
၎င်းတို့နှစ်ဦးသည် ဖမ်းဆီးခံရပြီးနောက် မိသားစုနှင့်တွေ့ဆုံခွင့်မရရှိခဲ့ဘဲ စစ်တွေမြို့ရှိ စစ်ကြောရေးသို့ နှစ်ကြိမ်ထက်မနည်း ပို့ဆောင်ခံခဲ့ရကြောင်း သိရသည်။
“ လက်ရှိ စစ်တွေအကျဉ်းထောင်ထဲမှာရှိနေတဲ့ သူတို့နှစ်ဦးဟာ ဖျားနာတာတွေရှိတယ်လောက်ပဲ ကြားရတယ်။ တခြားအခြေအနေ အသေးစိတ်ကိုတော့ မသိရဘူး။ ကိုစိုးဝင်းအောင်ဆိုရင် ကျန်းမာရေးမကောင်းလို့ ခွဲစိတ်ကုသမှုခံထားရတဲ့သူဖြစ်တယ်။ စစ်ကြောရေးကိုသွားခဲ့ရတဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်မှုရှိပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းတို့နှစ်ဦးကို အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ခြင်း သည် သတင်းမီဒီယာများကို ဖိနှိပ်ရုံသာမက သတင်းလွတ်လပ်ခွင့်၊ သတင်းသမားဘေးကင်းလုံခြုံခွင့်နှင့် ပြည်သူ များ သတင်းမှန်သိပိုင်ခွင့်အား ရိုက်ချိုးရာရောက်ကြောင်း DMG သတင်းဌာန က ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ် ၊ အောက်တိုဘာ ၂၉ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝင်္ကဘာကွင်းတွင် ပြုလုပ်သည့် သီတင်းကျွတ်လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းပွဲကို DMG သတင်းထောက် ကိုထက်အောင်က သတင်းဓာတ်ပုံရိုက်နေစဉ် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းနေ့မှာပင် DMG သတင်းဌာနကို စစ်တပ်က စီးနင်းချိပ်ပိတ်ခဲ့ကာ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်အား ထပ်မံဖမ်းဆီး ခဲ့သည်။