ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ စခန်းသိမ်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီက အတင်းအဓမ္မစစ်သားစုဆောင်းကာ ရက်တိုစစ်သင်တန်းပေး၍ ရှေ့တန်းစစ်မြေပြင်အပို့ခံရသော ရိုဟင်ဂျာလူမျိုးများ၏ ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က မတ်လ ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်း ၃ ခုအား မတ်လ ၁၇ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် အပြီးသတ်သိမ်းယူခဲ့ပြီးနောက် ယင်းစခန်းများအတွင်းမှ လောလောလတ်လတ်စစ်သင်တန်းပေးထားသည့် ရိုဟင်ဂျာလူမျိုးအချို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
“မြန်မာအစိုးရကနေပြီးတော့ ULA နဲ့ တိုက်ဖို့အတွက် ရိုဟင်ဂျာတွေကို ယူနီဖောင်းတွေနဲ့ လက်နက်တွေ တပ်ဆင်ပေးပြီး ရှေ့တန်းကို ပို့တာ။ မနေ့ကဆိုရင်လည်း ရသေ့တောင်မြို့ တိုက်ပွဲမှာ (၉၇) ယောက် သေတယ်လို့ ကြားတယ်။ ဒီလိုတွေ တိုက်ပွဲတွေထဲကို အပို့ခံရတာက ရခိုင်တွေနဲ့ ရိုဟင်ဂျာတွေကြားထဲမှာ အထင်မြင်လွဲမှားအောင် လုပ်နေတာ”ဟု ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအား ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်နေသည့် ရုပ်သံဖိုင်တစ်ခုသည် ရခိုင်ဒေသတွင်းမီဒီယာများအပါအဝင် လူမှုကွန်ရက်စာမျက်နှာတွင် ပေါ်ထွက်လာခဲ့သော်လည်း စစ်ကောင်စီက ယင်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း ယခုလအတွင်းပင် ငြင်းဆိုထားသည်။
ရိုဟင်ဂျာများအား အတင်းအဓမ္မစုဆောင်းကာ ရက္ခိုင့်တပ်တော်ကို တန်ပြန်တိုက်ခိုက်ရာတွင် အသုံးချနေခြင်းသည် ရခိုင်လူမျိုးများနှင့် ရခိုင်ပြည်နယ်အတွင်းနေထိုင်သော ရိုဟင်ဂျာများအကြား ပဋိပက္ခကို ကြီးထွားလာစေသည့် ရည်ရွယ်ချက်မျိုးဖြစ်သော်လည်း ယခုလက်ရှိတွင် ယင်းကဲ့သို့ ဖြစ်လာလိမ့်မည်မဟုတ်ကြောင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတစ်ဦးကသုံးသပ်သည်။
“တချို့ ရိုဟင်ဂျာတွေက ရခိုင်မှာနေလာတာလည်း ကြာပြီ။ ရခိုင်နဲ့ ရိုဟင်ဂျာတွေ ပဋိပက္ခဖြစ်ရတယ်ဆိုတာကလည်း သူတို့(စစ်ကောင်စီ)ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်တယ်ဆိုတာ အကြိမ်အကြိမ်အခါအခါ တွေ့နေရတာပါပဲ။ မြန်မာစစ်ကောင်စီ အစိုးရဟာ ကျွန်တော်တို့ ရိုဟင်ဂျာတွေနဲ့ ရခိုင်လူမျိုးတွေကို ရန်တိုက်နေတယ်။ လူမျိုးရေး ပဋိပက္ခဖြစ်အောင်လုပ်နေတယ်လို့ မြင်တယ်။ ဒါပေမယ့် ဒီသဘောထားတွေကို မြင်တဲ့အတွက် ကျွန်တော်တို့တွေက ဆင်ခြင်တုံတရားနဲ့ပဲ ရှေ့ဆက်သွားမှာပါ”ဟု ၎င်းက ပြောသည်။
ရခိုင့်လူအခွင့်အရေးကာကွယ်မြင့်တင်သူ တစ်ဦးကလည်း “စစ်တွေ၊ ကျောက်ဖြူတို့က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ခြိမ်းခြောက်လို့ပဲ ဖြစ်ဖြစ်၊ တခြား မက်လုံးပေးတာဖြစ်ဖြစ်၊ အတင်းအကျပ်လုပ်တာမျိုးတွေနဲ့ ULA ကို တိုက်ခိုက်ဖို့အတွက် စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးနေတာ။ ဒါဟာ Child Law အပြင် အတင်းအဓမ္မလုပ်အားခိုင်းစေမှုကို ကျူးလွန်တယ်လို့ ပြောလို့ရတယ်”ဟု သုံးသပ်သည်။
စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ နှင့်စစ်တွေဘက်တို့တွင် မွတ်ဆလင် လူငယ်များကို အတင်းအကျပ်ဖမ်းဆီးကာ စစ်သင်တန်းပေးနေပြီး ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။