ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ၏လက်ကျန်ဗျူဟာစခန်းတစ်ခုဖြစ်သော “ခန်ခတောင်ဗျူဟာစခန်း”ကို ရက္ခိုင့်တပ်တော်က ဇန်နဝါရီ ၁၃ ရက်တွင်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင် မဟာမိတ် (၃)ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
“အရေးပါတဲ့ စခန်းတွေကတော့ အများကြီးပေါ့။ နှုံးဘူး၊ တရွန်အိုင်၊ တင်းမနဲ့ ရှင်းလက်ဝ (ချင်းလက်ဝ)တို့ကိုလည်း ULA/AA အနေနဲ့ တစ်ခုပြီး တစ်ခုရှင်းလာတာပေါ့။စစ်တပ်အနေနဲ့က ပလက်ဝဒေသကို ပြန်လည်ထိုးဖောက်ဖို့ မလွယ်တော့ဘူး။ ULA/AA အတွက်လည်း လွတ်မြောက်နယ်မြေဖြစ်သွားနိုင်တာပေါ့”ဟု ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက MPA ကို ပြောသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစ၍ တိုက်ပွဲများ ပြင်းထန်လာနေပြီး ရက္ခိုင့်တပ်တော်က စစ်ဆင်ရေးကာလ (၄၅) ရက်အတွင်း ယင်းဒေသနှစ်ခုအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများနှင့် ဗျူဟာကုန်း ၁၄၂ ခုကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေး စတင်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိ (၄၅)ရက်တာကာလအတွင်း ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများနှင့် ဗျူဟာကုန်း(၁၇) ခုကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားပြီး ယခုနှစ်ဆန်းပိုင်းတွင်လည်း ထပ်မံသိမ်းယူခဲ့သည့် စစ်ကောင်စီတပ်စခန်းများလည်းရှိနေသေးသည်။
“ကုလားတန်မြစ်ကြောင်းတစ်လျှောက်ကို ရက္ခိုင့်တပ်တော်အနေနဲ့က ဦးတည်ရှင်းနေတာဆိုတော့ စစ်တပ်မရှိတော့ရင် ရခိုင်ပြည်နယ်နဲ့ ပလက်ဝဒေသကတော့ နဂိုအတိုင်း ပြန်လည်ပတ်သွားနိုင်မယ်ထင်တယ်။ အခု စစ်တပ်က ပိတ်ထားတဲ့ ကုန်ပစ္စည်းတွေဆိုရင်လည်း တစ်မြို့နဲ့ တစ်မြို့ တစ်ရွာနဲ့ တစ်ရွာ ပြန်ပို့နိုင်ပြီး နဂိုအတိုင်း ပုံမှန်ပြန်ဖြစ်သွားမှာပေါ့။ အိန္ဒိယဘက်ကနေလည်း ပစ္စည်းတွေ ဝယ်နိုင်မယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ဒေသခံတွေအတွက်တော့ အသက်ရှုပေါက် ရသွားနိုင်မယ်”ဟု ရခိုင်ပြည်နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းမှ စတင်ကာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ကုန်စည်များတင်ပို့နိုင်သော လမ်းကြောင်းအားလုံးကို စစ်ကောင်စီကပိတ်ဆို့ထားသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားကြောင်း ပလက်ဝဒေသခံများကဆိုသည်။
“စားနပ်ရက္ခာကအစ လောင်စာဆီအဆုံး ဘာဆိုဘာမှ တင်ခွင့်မရဘူး။ စီးပွားရေးက တော်တော်လေးကို အကျပ်အတည်းဖြစ်နေတယ်။ ဆေးဝါးတွေလည်း တင်သွင်းလို့မရတဲ့အခါမှာ ကျန်းမာရေးကအစ အခက်အခဲဖြစ်တယ်”ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် တိုက်ပွဲပြင်းထန်နေသည့် ပလက်ဝဒေသမှ စစ်ကောင်စီ၏ လက်ကျန်ဗျူဟာစခန်းတစ်ခုဖြစ်သော ခန်ခတောင်ဗျူဟာစခန်းအပြင် ပလက်ဝနှင့် ကျောက်တော်အစပ်တွင်ရှိသော “မီးဝဗျူဟာကုန်း”ကိုလည်း အပြီးသတ်သိမ်းပိုက် ထိန်းချုပ်ထားကြောင်း သိရသည်။