ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်သို့ပြန်မည့်ကျောင်းသား၊ ကျောင်းသူများကို စစ်တွေတက္ကသိုလ်ရှိ တာ ဝန်ရှိသူများက ထောက်ခံစာမထုတ်ပေးသဖြင့် နေရပ်ပြန်ရန်ခက်ခဲနေကြကြောင်း ကျောင်းသား၊ကျောင်း သူများထံကသိရသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများတစ်ကျော့ပြန် ဖြစ်ပွားလာခဲ့ပြီးနောက် ရခိုင်ပြည်နယ်တစ်ဝှမ်းသွားလာခွင့်များကို စစ်ကောင်စီကကန့်သတ်ထားခဲ့သဖြင့် ပေါက်တောမြို့နယ်က ကျောင်းသား၊ ကျောင်းသူများ နေရပ်ပြန်ရန်ခက်ခဲနေခြင်းဖြစ်သည်။
“ အဓိကကတော့ စစ်ကောင်စီက ခွင့်မပြုလို့ ပေါက်တောက ကျောင်းသားတွေကို ကျောင်းအာဏာပိုင် တွေက ထောက်ခံစာမထုတ်ပေးတာလို့ သိရတယ်။ ကျောင်းသားကတ်ပဲ ပြန်ထုတ်ပေးပြီး ထောက်ခံစာမ ထုတ်ပေးတော့ အိမ်ပြန်ဖို့ အဆင်မပြေဘူး။ ထောက်ခံစာမပါဘဲပြန်လို့ လမ်းမှာ စစ်ဆေးတာတွေနဲ့တိုး ရင် အဖမ်းခံရဖို့ သေချာသလောက်ရှိတော့ ဘယ်သူမှမပြန်ရဲကြဘူး။ ကျောင်းက ထောက်ခံစာမပါရင်ကို ကားလက်မှတ်၊ သင်္ဘောလက်မှတ်တွေလည်း ဘာမှဝယ်မရဘူး” ဟု စစ်တွေတက္ကသိုလ်၊ သမိုင်းမေဂျာက တတိယနှစ်ကျောင်းသားတစ်ဦးက MPA ကို ပြောသည်။
စစ်တွေတက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ရခိုင်ပြည်နယ်တစ်ဝှမ်းက ကျောင်းသား၊ ကျောင်းသူများ ကို ကျောင်းအာဏာပိုင်များထုတ်ပေးသည့် ထောက်ခံစာဖြင့်သာ နေရပ်ပြန်ခွင့်ပြုမည်ဖြစ်ကြောင်း စစ် ကောင်စီက အသိပေးထားပြီး ယခုပေါက်တောမြို့နယ်သို့ပြန်မည့် ကျောင်းသားကျောင်းသူများကို ထောက်ခံစာမထုတ်ပေးရန် တားမြစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ပေါက်တောက ကျောင်းသားတွေကို ထောက်ခံစာမထုတ်ပေးနဲ့ဆိုတော့ မပြန်နဲ့ဆိုတဲ့ သဘောပဲ။ မပြန် လို့ ဒီမှာ ဘယ်မှာနေပြီး ဘာတွေစားသောက်ရမှာလဲ။ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ဖြတ်ထား တော့ အိမ်နဲ့အဆက်အသွယ်လုံးဝမရဘူး။ ကျွန်တော့်လိုပဲ အိမ်မပြန်ရတဲ့ ပေါက်တောက ကျောင်းသား၊ ကျောင်းသူတွေအတွက် အခက်အခဲတွေက အများကြီးပါ” ဟု ပေါက်တောမြို့နယ်မှ စစ်တွေတက္ကသိုလ် တွင် လာရောက်ပညာသင်ကြားနေသည့် ပထမနှစ်ကျောင်းသားတစ်ဦးက ဆိုသည်။
ပေါက်တောမြို့နယ်မှ စစ်တွေတက္ကသိုလ်တွင် လာရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ကျောင်း သူ ၂၀၀၀ ဝန်းကျင်ခန့်ရှိပြီး စစ်တွေတက္ကသိုလ်အာဏာပိုင်များက ထောက်ခံစာပြုလုပ်ပေးခြင်းမရှိသလို နေရပ်ပြန်ခွင့်မရသည့် ကျောင်းသား၊ ကျောင်းသူများအတွက် တစ်စုံတစ်ရာစီစဉ်ပေးခြင်းမျိုးလည်းမရှိ ကြောင်း သိရသည်။
“ အိမ်ပြန်ရအောင် ထောက်ခံစာမထုတ်ပေးဘူးဆိုရင်လည်း သူတို့တစ်ခုခုတော့ စီစဉ်ပေးကြပေါ့။ ဒီအ တိုင်း စစ်တပ်ကမထုတ်ပေးနဲ့ ဆိုတာနဲ့ မထုတ်ပေးဘဲ ပြီးသွားကောလား။ စီစဉ်ပေးဖို့တွေဘာတွေလည်း မတောင်းဆိုပါဘူး။ အိမ်ပြန်လို့ရအောင် ထောက်ခံစာထုတ်ပေးဖို့ပဲ တိုက်တွန်းသွားမှာဖြစ်ပါတယ်” ဟု စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂက တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်တွေမြို့ပေါ်တွင် သောင်တင်နေသည့် တက္ကသိုလ်ကျောင်းသားများသည် နေရပ်ပြန်ရန် အခက်အခဲ များရှိနေသလို စစ်ကောင်စီကအကြမ်းဖက် ဖမ်းဆီးခြင်းများကိုလည်း ခံနေရကြောင်း စုံစမ်းသိရသည်။

